





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အလီ ဗင်န် အဗူသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပိုးထည်ကို မိမိ၏ဘယ်လက်တွင်လည်းကောင်း၊ ရွှေကို ညာလက်တွင်လည်းကောင်း ကိုင်တွယ်ကာ၊ ထိုနှစ်အရာနှစ်ခုကို မိမိ၏ လက်နှစ်ဖက်ဖြင့် မြှောက်ပြလျက် မိန့်ကြားတော်မူသည်မှာ - “ဧကန်စင်စစ် ဤအရာနှစ်ခုသည် ကျွန်ုပ် ၏အမျိုးသားတို့အပေါ်၌ ဟရာမ် (တားမြစ်ထားသည့်အရာ) ဖြစ်ပြီး၊ ၎င်းတို့၏ အမျိုးသမီးများအတွက်မူ ဟလာလ် (ခွင့်ပြုထားသည့်အရာ) ဖြစ်၏။
رواه أبو داود والنسائي وابن ماجهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ပိုးထည် သို့မဟုတ် ပိုးထည်အစတစ်စကို ဘယ်ဘက်လက်ဖြင့်လည်းကောင်း၊ လက်ဝတ်တန်ဆာ သို့မဟုတ် အလားတူသည့်အရာထဲမှ ရွှေကို ညာဘက်လက်ဖြင့်လည်းကောင်း ကိုင်တွယ်ကာ ဤပိုးထည်နှင့်ရွှေသည် အမျိုးသားများအတွက် ဝတ်ဆင်ခြင်း ဟရာမ်ဖြစ်ကြောင်း၊ အမျိုးသမီးများအတွက်မူ ဝတ်ဆင်ခြင်း ဟလာလ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အဗူဇရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အို- အဘူဇရ်၊ အသင် ဟင်းရည်ချက်ပါက ဟင်းရည်ကို ရေများများထည့် ချက်ပါ။ ထို့နောက်အိမ်နီးချင်းများအား သတိရပါ (ဂရုတစိုက် ဝေမျှပေးကမ်းပါ)။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အဘူဇရ်(ရဿွိယလ္လာဟုအန်ဟု)အား ဟင်းရည်ချက်ပါက ရေနှင့်ဟင်းရည်များများထည့်ရန်၊ ၎င်း(ဟင်း ရည်အား ဝေမျှပေးကမ်းခြင်း)ဖြင့် အိမ်နီးချင်းများကို ဂရုစိုက်ရန် တိုက် တွန်းတော်မူခဲ့သည်။
အဘူစအီဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ဂျစ်ဗ်ရီလ် (အလိုင်ဟိစ္စလာမ်) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး ဤသို့ မေးမြန်းခဲ့သည်- အို-မုဟမ္မဒ် အသင် သည် နာမကျန်းဖြစ်နေပါသလား။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဟုတ်ပါသည် ဟု ဖြေကြားခဲ့သည်။ ထိုအခါ ဂျီဗ်ရီလ် (အလိုင်ဟိစ္စလာမ်) က ဤသို့ ပြောခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ အသင့်အား အန္တရာယ်ပေးသော အရာတိုင်းမှ၊ သက်ရှိအားလုံး၏ ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိ (နဇရ်ထိခြင်း) မှ (ကာကွယ်တော်မူရန်)။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုကုသပေးပါ၏။"
رواه مسلمကောင်းကင်တမန် ဂျစ်ဗ်ရီလ်အလိုင်ဟစ္စလာမ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး ဤသို့ မေးမြန်းခဲ့သည်။ "အို-မုဟမ္မဒ်၊ အသင် နာမကျန်းဖြစ်နေပါသလား" ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်ပါသည်" ဟု ဖြေကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ် (အလိုင်ဟစ္စလာမ်) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အောက်ပါအတိုင်း ရွတ်ဖတ်၍ မန်းမှုတ်ပေးတော်မူသည် - "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် တစ်နည်း (အရှင်မြတ်အား အကူအညီယူ၍) ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ပါ၏၊ အသင့်အား အန္တရာယ်ပြုသော အရာအားလုံးမှ (အသေးစား၊ အကြီးစား အန္တရာယ်အားလုံးမှ)၊ သက်ရှိတိုင်း၏ မကောင်းသော ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိမှ (သင့်အား ထိခိုက်စေခြင်းမှ) အလ္လာဟ်အရှင်မြတ်ထံ အကာအကွယ်ယူပါ၏။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား ရောဂါတိုင်းမှ သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။ (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏) ဟူသောစာပိုဒ်အား လေးနက်စေရန်အတွက် နှစ်ကြိမ်တိုင်တိုင် ရွတ်ဆိုတော်မူခြင်းဖြစ်သည်။ အစတွင်လည်းကောင်း၊ အဆုံးတွင်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် စတင်ခြင်းနှင့် အဆုံးသတ်ခြင်းသည် အကျိုး ကျေးဇူးပေးနိုင်သူမှာ ထိုအရှင်မြတ်တစ်ပါးတည်းသာဖြစ်ကြောင်း ညွှန်းဆိုလိုခြင်းဖြစ် သည်။
အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် စူလိုင်မ်မျိုးနွယ်ရဲ့ ဇကားသ်များကို ကောက်ခံရန် အိဗ်နုလ်လုသ်ဗီယဟ် ဟုခေါ်သော လူတစ်ဦးအား ခန့်အပ်တာဝန်ပေးခဲ့သည်။ သူပြန်ရောက်လာသောအခါ ကိုယ်တော်က သူ့အား စာရင်းအင်းစစ်ဆေးတော်မူခဲ့၏။ ထိုအခါ ၎င်းက ဤသို့ပြောသည် - “ဤသည်မှာ အသင်(တမန်တော်တို့) ၏ဥစ္စာပစ္စည်းများ (ဇကာသ်) ဖြစ်၍ ဤသည်ကား (ကျွန်တော်မျိုးအား ပေးအပ်သော) လက်ဆောင်ဖြစ်ပါသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က - “"အကယ်၍ သင်သည် မှန်ကန်သူဖြစ်လျှင် သင့်အား သီးသန့်ပေးအပ်သော လက်ဆောင်များ ရောက်လာသည့်တိုင် သင်၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော" ဟု မိန့်ကြားခဲ့သည်။ ထို့နောက် ကျွန်ုပ်တို့အား မိန့်ခွန်းပြောကြားတော်မူရာ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် ဤသို့မိန့်ကြားတော်မူသည်- “အမှန်စင်စစ်၊ ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးဦးအား အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်တော်မူသော တာဝန်တစ်ရပ်ကို ထမ်းဆောင်ရန် ခန့်အပ်သည့်အခါ ထိုသူသည် ပြန်လာပြီး ‘ဤသည်ကား အသင်တို့၏ ဥစ္စာပစ္စည်းဖြစ်၍ ဤသည်ကား ကျွန်ုပ်အား လက်ဆောင်အဖြစ် ပေးအပ်ခြင်းခံရသော ပစ္စည်းဖြစ်ပါသည်’ ဟု ပြောဆိုတတ်ကြသည်။ သို့ဖြစ်လျှင် သူသည် သူ့ထံ(သီးသန့်ပေးအပ်သော ) လက်ဆောင် ရောက်လာသည့်တိုင် သူ၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော။ အလ္လာဟ်အရှင်မြတ်အား ကစမ်ကျိန်ဆို၍ ပြောမည်၊ အသင်တို့အနက်မှ မည်သူမဆို မိမိ၏အခွင့်အရေးမဟုတ်သည်ကို ယူငင်လျှင် ကိယာမသ်(ရှင်ပြန်ထမည့်နေ့) တွင် ထိုယူခဲ့သည့် ဥစ္စာပစ္စည်းကို သယ်ဆောင်လျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရလိမ့်မည်။ သို့ဖြစ်ရာ အသင်တို့အနက် တစ်ဦးဦးသည် အော်မြည်နေသော ကုလားအုတ်၊ ညည်းတွားနေသော နွား သို့မဟုတ် မြည်တွန်သံပြုသော သိုးကို သယ်ဆောင်လျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံလျှင် မုချ ငါကိုယ်တော် (၎င်းအား) သိပေလိမ့်မည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် မိမိ၏ဖြူဖွေးနေတော်မူသည့် ချိုင်းကို ထင်ရှားစွာမြင်တွေ့ရသည်အထိ လက်ကို မြှောက်တင်လျှက် - “အိုအလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် ကျွန်တော်မျိုးအား အပ်နှင်းတော်မူသော တာဝန်များကို) ကျွန်တော်မျိုး ပို့ချခဲ့ပြီးဖြစ်ပါသည် ဟု မိန့်ကြားတော်မူခဲ့သည်။ (အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ ဤအကြောင်းအရာကို) ကျွန်တော်မျိုး မိမိ၏မျက်စိဖြင့်မြင်၍ နားဖြင့်ကြားခဲ့ခြင်း ဖြစ်ပါသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် စူလိုင်မ်မျိုးနွယ်ရဲ့ ဇကာသ်များကို ကောက်ခံရန် အိဗ်နုလ်လုသ်ဗီယဟ် ဟုခေါ်သော လူတစ်ဦးအား ခန့်အပ်တာဝန်ပေးခဲ့သည်။ သူသည် မဒီနာသို့ ပြန်ရောက်လာသောအခါ ကိုယ်တော်က သူကောက်ခံခဲ့သော အရာများနှင့် သူသုံးစွဲခဲ့သော အရာများကို စာရင်းအင်းစစ်ဆေးတော်မူခဲ့၏။ ထိုအခါ အိဗ်နုလ်လုသ်ဗီယဟ်က ဤသို့ပြောသည် - ထိုအခါ အိဗ်နုလ်လုသ်ဗီယဟ်က ဤသို့ ပြောဆိုခဲ့သည်- "ဤသည်ကား ကျွန်တော်မျိုးကောက်ခံခဲ့သော ဇကာသ်ပစ္စည်းများ ဖြစ်ပြီး၊ ဤသည်ကား ကျွန်တော်မျိုးအား လက်ဆောင်အဖြစ် ပေးအပ်ခြင်းခံရသော ပစ္စည်းများ ဖြစ်ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က သူ့အား ဤသို့ မိန့်ကြားခဲ့သည်- သင်သည် သင်၏မိဘများအိမ်၌ နေခဲ့လျှင် သင့်ထံသို့ လက်ဆောင်တစ်စုံတစ်ရာ ရောက်ရှိလာမည်လော ဆိုသည်ကို စောင့်ကြည့်နေခဲ့သင့်သည်။ အကယ်၍ သင်သည် မှန်ကန်သူဖြစ်ခဲ့လျှင် (သင့်ထံ လက်ဆောင် ရောက်လာမည်မဟုတ်)။ အမှန်စင်စစ် သင်လုပ်ဆောင်ခဲ့သော တာဝန်များကြောင့်သာ ဤလက်ဆောင်ကို သင်ရရှိခြင်းဖြစ်သည်။ အကယ်၍ သင်သည် သင်၏ အိမ်၌သာ နေထိုင်ခဲ့မည်ဆိုလျှင် သင့်ထံသို့ မည်သည့်လက်ဆောင်မျှ ရောက်ရှိလာမည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းဥစ္စာပစ္စည်းများကို လက်ဆောင်ပုံစံအားဖြင့် သင့်ထံရောက်ရှိလာသည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့ကို သင်၏ဥစ္စာအဖြစ် မှတ်ယူခွင့်မရှိပေ။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် အမျက်ဒေါသထွက်တော်မူလျက် တရားဟောပြောရန်အလို့ငှာ မင်မ်ဗရ်ပေါ်သို့ တက်ရောက်တော်မူပြီး အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုကာ မိန့်ကြားတော်မူသည်မှာ- အမှန်စင်စစ် ငါကိုယ်တော်သည် သင်တို့အနက်မှ အမျိုးသားတစ်ဦးအား အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား အုပ်ချုပ်စီမံခွင့်ပေးထားသော ဇကာသ်များနှင့် စစ်သုံ့ပန်ပစ္စည်းများကို ကောက်ခံသူအရာရှိအဖြစ် ခန့်အပ်တော်မူခဲ့၏။ ထိုသူသည် မိမိ၏တာဝန်ထမ်းဆောင်မှုမှ ပြန်လာပြီး ဤသို့ပြောဆိုလေသည်- ဤပစ္စည်းများသည် သင်တို့အတွက် (ကောက်ခံထားသော ဇကာသ်)ဖြစ်၍ ဤပစ္စည်းများကား ကျွန်ုပ်ထံသို့ လက်ဆောင်အဖြစ် ပေးပို့ခြင်းခံရသော ပစ္စည်းများဖြစ်ပါသည်။ သို့ဖြစ်လျှင် သူသည် သူ့ထံ(သီးသန့်ပေးအပ်သော ) လက်ဆောင်ပစ္စည်းများ ရောက်လာသည့်တိုင် သူ၏မိဘများ အိမ်၌ပင် ထိုင်နေခဲ့သင့်သည် မဟုတ်လော။ အလ္လာဟ်အရှင်မြတ်အား ကစမ်ကျိန်ဆို၍ ပြောမည်၊ မည်သူမဆို မတရားသော နည်းလမ်းဖြင့် တစ်စုံတစ်ရာကို ရယူခဲ့သော် ကိယာမသ်နေ့တွင် ယင်းပစ္စည်းကို မိမိ၏လည်ပင်းတွင် ထမ်းလျက် အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သူ(မတရားသဖြင့်)ယူခဲ့သောအရာသည် ကုလားအုပ်ဖြစ်ခဲ့လျှင် ယင်းကုလားအုပ်သည် (ကုလားအုပ်များ အော်သံပေးသလို) အော်မြည်သံဖြင့် ၊ နွားမဖြစ်ခဲ့လျှင် (နွားများ အော်သံပေးသလို) အော်မြည်သံဖြင့်၊ သိုးမဖြစ်ခဲ့လျှင် (သိုးများ အော်သံပေးသလို) အော်မြည်သံဖြင့် ( မတရား ယူငင်သိမ်းပိုက်ခံရကြောင်း သက်သေခံလိမ့်မည်ဖြစ်သည်)။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် မိမိ၏လက်နှစ်ဖက်ကို အလွန်အမင်း မြှောက်လိုက်ရာ ထိုနေရာ၌ ထိုင်နေသော သူများပင် ကိုယ်တော်၏ ဖြူဖွေးနေတော်မူသော ချိုင်းနှစ်ဖက်ကို မြင်တွေ့ကြရသည်။ ထို့နောက် ကိုယ်တော်မြတ်က " အရှင်မြတ်၏ အမိန့်တော်ကို ငါကိုယ်တော် အသင်တို့အား ပို့ချခဲ့ပြီးဖြစ်သည်။ အိုအလ္လာဟ်အရှင်မြတ်- အရှင်မြတ် သက်သေထူတော်မူပါ" ဟု မိန့်ကြားတော်မူသည်။ ထို့နောက် အဘူဟုမိုင်ဒ် အတ်စ်စာအီဒီ ( ရဿွိယလ္လာဟုအန်ဟု) က ဤအ ကြောင်းအရာကိုမိမိ၏မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း၊ မိမိ၏နားဖြင့် ကိုယ်တိုင်ကြားခဲ့ရကြောင်း ပြောပြခဲ့သည်။
အိယားစ် ဗင်န် အဗ်ဒုလ္လာဟ် ဗင်န် အဘူဇုဗာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်;ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ကျွန်မများ (အမျိုးသမီး) တို့အား အသင်တို့ရိုက်နှက်ခြင်း မပြုကြနှင့်။ ထို့နောက် အုမရ်(ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ရောက်လာပြီး " အမျိုးသမီးတို့သည် ၎င်းတို့၏ လင်ယောက်ကျားများအပေါ် အတင့်ရဲ ( ရိုင်းပြ ) လာကြပါသည်" ဟု လျှောက်ထားခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ်သည် ထိုအမျိုးသမီးများအား (အလွန်အမင်းမဟုတ်သည့်ပုံစံဖြင့်) ရိုက်နှက်ခွင့် ပြုခဲ့သည်။ ထိုအခါ တမန်တော်မြတ်၏ ဇနီးသည်များထံတွင် အမျိုးသမီးအများအပြား သည် ၎င်းတို့၏ လင်ယောက်ကျားများအကြောင်း တိုင်ကြားလျှောက်ထားရန် ဝိုင်းရံလာခဲ့ကြသည်။ ထိုအခါ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- "မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဇနီးသည်များအနားတွင် အမျိုးသမီးအများအပြားသည် ၎င်းတို့၏ လင်ယောက်ကျားများအကြောင်း တိုင်ကြားလျှောက်ထားရန် ဝိုင်းရံလာခဲ့ကြသည်။ ထိုကဲ့သို့ (ဇနီးများကို ရိုက်နှက်သော) သူတို့သည် အသင်တို့ထဲတွင် အကောင်းဆုံးသူများ မဟုတ်ကြပေ။
رواه أبو داود وابن ماجهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဇနီးမယားများကို ရိုက်နှက်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့နောက် အမီရုလ်မုအ်မင်နီးန် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) လာရောက်၍- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးများသည် ၎င်းတို့၏ ခင်ပွန်းသည်များအပေါ် အတင့်ရဲ( ရိုင်းပြ ) လာကြပြီး ၎င်းတို့၏ အကျင့်အမူများသည် ယိုယွင်းပျက်စီးလာပါသည်" ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခင်ပွန်းသည်၏ အခွင့်အရေးကို ငြင်းဆန်ခြင်း၊ အမိန့်ဖီဆန်ခြင်း စသည့်အကြောင်း ရင်းများရှိပါက မနာကျင်စေသောပုံစံဖြင့် ရိုက်နက်ခြင်းကို ခွင့်ပြုခဲ့သည်။ ထို့နောက် အမျိုးသမီးများသည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဇနီးသည်များထံ သူမတို့၏ ခင်ပွန်းများ၏ နာကျင်စေသော ရိုက်နှက်မှုနှင့် ခွင့်ပြုချက်ကို အလွဲသုံးစားလုပ်ခြင်းများကို လာရောက် တိုင်ကြားခဲ့ကြသည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်မှာ- "မိမိတို့၏ ဇနီးများကို နာကျင်စေသော ရိုက်နှက်မှုဖြင့် ရိုက်နက်အပြစ်ပေးသော ယောက်ျားများသည် အသင်တို့အနက် အကောင်းဆုံးသူများ မဟုတ်ကြပေ။"
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)ထံမှဆင့်ပြန်လာရှိသည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “မည်သည့်မွတ်စ်လင်မ်မဆို မိမိတွင် မှာတမ်းစရာ တစ်စုံတစ်ရာရှိပါက သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။ (မရေးသားဘဲ) သုံးည မကုန်ဆုံးသင့်ပေ။" အဗ်ဒုလ္လာဟ် ဗင်န် အုမရ် (ရဿွိယလ္လာဟ် အန်ဟုမာ)က “သေတမ်းစာအကြောင်း ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြောကြားသည်ကို ကြားသိရပြီးချိန်မှစ၍ ကျွန်ုပ်ထံတွင် သေတမ်းစာမရှိဘဲ ညတစ်ညမျှ ကုန်လွန်ခဲ့ခြင်းမရှိခဲ့ပေ” ဟု ပြောကြားခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - မည်သည့် မွတ်စ်လင်မ်မဆို၊ သူ့တွင် သေတမ်းစာရေးရန် လိုအပ်သည့်အရာ (အခွင့်အရေး သို့မဟုတ် ဥစ္စာပစ္စည်းများ) အနည်းငယ်မျှဖြစ်ပါစေ၊ သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။ (မရေးသားဘဲ) သုံးည မကုန်ဆုံးသင့်ပေ။ အဗ်ဒုလ္လာဟ် ဗင်န် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က သေတမ်းစာအကြောင်း ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြောကြားသည်ကို ကြားသိရပြီးချိန်မှစ၍ ကျွန်ုပ်ထံတွင် သေတမ်းစာမရှိဘဲ ကျွန်ုပ်သည် ညတစ်ညမျှ ကုန်လွန်ခဲ့ခြင်းမရှိခဲ့ပေ” ဟု ပြောကြားခဲ့သည်။
အုမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမျိုးသမီးတစ်ဦးသည် ကွယ်လွန်သူတစ်ဦးဦးအတွက် သုံးရက်ထက်ပို၍ (ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်သည့်အနေဖြင့်) အလှပြင်ဆင်မှုကို စွန့်လွှတ်ခြင်း မပြုရ။ သို့ရာတွင် ခင်ပွန်းသည် အတွက်မူ လေးလနှင့် ဆယ်ရက် (ထိုသို့ ပြုနိုင်သည်)။ ထို့ပြင် (ထိုကာလအတွင်း) အရောင်ပါသောအဝတ်ကို မဝတ်ရ။ သို့ရာတွင် 'အိစ်ဗ်' (ရက်ကန်းမရက်ခင်အရင် ဆေးဆိုးထားသော ယီမင်ဒေသထွက် အဝတ်) ကိုမူ ဝတ်ဆင်နိုင်သည်။ ထို့ပြင် မျက်စိတွင်ကာဂျလ် မဆိုးရ။ အမွှေးအ ကြိုင် မသုံးရ။ သို့ရာတွင် ဓမ္မတာလာခြင်းမှ သန့်စင်ပြီးသည့်အခါ (အနံ့ဆိုးကို ဖယ်ရှားရန်အတွက်) အူးဒ် (အမွေးအကြိုင်တစ်မျိုး) သို့မဟုတ် 'အဇ်ဖာရ်' (အပွင့်တစ်မျိုး)ကို အနည်းငယ် အသုံးပြုနိုင်သည်။
متفق عليهနဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများအား သေဆုံးသူ (ဖခင်၊သားချင်းများ၊ သားများ သို့မဟုတ် အခြားဆွေမျိုးများ)အတွက် ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်သည့်အနေဖြင့် အမွှေးနံ့သာသုံးခြင်း၊ မျက်စိတွင် ကာဂျယ်ဆိုးခြင်း၊ လက်ဝတ်လက်စား ဝတ်ဆင်ခြင်း၊ လှပ သော အဝတ်အစားများ ဝတ်ဆင်ခြင်း စသော အလှအပဆိုင်ရာ အရာများကို သုံးရက်ထက်ပို၍ မစွန့်လွှတ်၍ တားမြစ်တော်မူထားသည်။ သို့ရာတွင် ခင်ပွန်းသည် ကွယ်လွန်ပါက လေးလဆယ်ရက်တိုင်တိုင် ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်သည့်အနေဖြင့် အလှအပ ပြင်ဆင်ခြယ်သခြင်းမပြုဘဲ နေရမည်။ခင်ပွန်းအတွက် ဝမ်းနည်းပူဆွေးမှူကို ထုတ်ဖော်သည့် ထိုကာလအတွင်း သူမအနေဖြင့် အလှဆင်ရန် ရည်ရွယ်ချက်ဖြင့် ဝတ်ဆင်လေ့ရှိသော အရောင်ဆိုးထားသည့် အဝတ်အစားများကို မဝတ်ရပါ။ သို့ရာတွင် အိစ်ဗ် (ရက်ကန်းမရက်ခင်အရင် ဆေးဆိုးထားသော ယီမင်ဒေသထွက် အဝတ်) ကိုမူ ဝတ်ဆင်နိုင်သည်။ ထို့ပြင် အလှအပအတွက် မျက်စိတွင် ကာဂျယ်ဆိုးခြင်း၊ အမွှေးနံ့သာ သို့မဟုတ် ရေမွှေးများ သုံးစွဲခြင်းမပြုရပေ။ သို့ရာတွင် ရာသီသွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ရေချိုးရာတွင် (အနံ့ဆိုးကို ဖယ်ရှားရန်အတွက်) အူးဒ် (အမွေးအကြိုင်တစ်မျိုး) သို့မဟုတ် 'အဇ်ဖာရ်' (အပွင့်တစ်မျိုး)ကို အနည်းငယ် အသုံးပြုနိုင်သည်။ ထိုအရာနှစ်မျိုးသည် လူသိများသော နံ့သာနှစ်မျိုးဖြစ်သော်လည်း အမွှေးအကြိုင်အတွက် ရည်ရွယ် ချက်ဖြင့်သုံးစွဲသော နံ့သာများမဟုတ်ပါ။ ရာသီသွေးဆင်းခြင်းမှ ရေချိုးသန့်စင်ပြီးသော အမျိုးသမီးအား မကောင်းသောအနံ့ကို ဖယ်ရှားရန်အတွက် ခွင့်ပြုထားခြင်းဖြစ်သည်။ ၎င်းကိုမိန်းမကိုယ်ရှိ သွေးအကြွင်းအကျန်အတွက် သုံးရန် ဖြစ်ပြီး မွှေးကြိုင်ရန်အတွက်သုံးစွဲခြင်း မဟုတ်ပါ။
အတ်စ်ဝဒ် ဗင်န် ယဇီးဒ် က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)အား "နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏အိမ်တွင် မည်သို့ပြုမူလုပ်ဆောင်တော်မူလေ့ရှိသနည်း"ဟု မေးမြန်းခဲ့ရာ သခင်မက ဖြေကြားသည်မှာ - " ကိုယ်တော်မြတ်သည် မိမိအိမ်သူအိမ်သားများ၏ အလုပ်ကို ထမ်းဆောင်တော်မူသည် (ဆိုလိုသည်မှာ မိသားစုအတွက် စီမံလုပ်ကိုင်ပေးတော်မူသည်)၊ ထို့နောက် ဆွလာသ်အချိန်ရောက်လျှင် ဆွလာသ်ဝတ်ပြုရန်အတွက် ထွက်ခွါသွားတော်မူလေ့ရှိသည်။
رواه البخاريမုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)အား နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အိမ်တွင်ရှိစဥ်အခါ အခြေအနေနှင့်ပတ်သတ်၍ ကိုယ်တော်သည် မည်သို့ပြုမူဆောင်ရွက်တော်မူလေ့ရှိသနည်းဟု မေးမြန်းခဲ့ရာ သခင်မက ဖြေကြားသည်မှာ - ကိုယ်တော်မြတ်သည် သာမန်လူသားတစ်ဦးပင် ဖြစ်တော်မူပြီး အမျိုးသားများ မိမိတို့၏ အိမ်များတွင်လုပ်ကိုင်လေ့ရှိသည်များကိုပင် လုပ်ကိုင်တော်မူသည်။ မိမိကိုယ်တိုင်နှင့် မိသားစုအတွက် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးတော်မူလေ့ရှိသည်။ မိမိ၏ ဆိတ်နို့ကို ကိုယ်တိုင်ညှစ်တော်မူသည်။ မိမိ၏ အဝတ်အစားကို ကိုယ်တိုင်ချုပ်ဖာတော်မူသည်။ မိမိ၏ဖိနပ်ကို ကိုယ်တိုင်ပြင်ဆင်တော်မူသည်။ မိမိ၏ရေပုံးကို ကိုယ်တိုင်တည့်မတ်တော်မူသည်။ ထို့နောက် ဆွလာသ်အတွက် အိကာမသ်ဆိုလိုက်လျှင် မဆိုင်းမတွ ဆွလာသ်ဝတ်ပြုရန် ထွက်ခွါသွားတော်မူလေ့ရှိသည်။
ဗွစ်ရ် ဗင်န် စအီးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဇိုင်ဒ် ဗင်န် ခါလိဒ် အလ်ဂျုဟနီ(ရဿွိယလ္လာဟုအန်ဟု) သည် ၎င်းအား အဗူဂျုဟိုင်မ်(ရဿွိယလ္လာဟုအန်ဟု) ထံ စေလွှတ်ကာ ဆွလာတ်ဝတ်ပြုသူရှေ့မှ ဖြတ်သွားခြင်းနှင့်ပတ်သတ်၍ ၎င်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ မည်သို့ကြားခဲ့သည်ကို မေးမြန်းစေခဲ့သည်။ အဗူဂျုဟိုင်မ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ မိန့်ကြားတော်မူခဲ့သည်- "ဆွလာဝတ်ပြုနေသူရှေ့မှ ဖြတ်သွားသူသည် ထိုသို့ဖြတ်သွားခြင်း၏ အပြစ်ဒဏ်သည် မည်မျှကြီးမားကြောင်း သိရှိပါက၊ သူ့အတွက် လေးဆယ်(အချိန်) တိုင်တိုင် ရပ်စောင့်နေခြင်းသည် ထိုဆွလာဝတ်ပြုနေသူရှေ့မှ ဖြတ်သွားခြင်းထက် ပိုမိုကောင်းမွန်ပေသည်။" အဗွန်နဿွရ်က "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရက်ပေါင်း လေးဆယ်ဟု မိန့်ကြားခဲ့သည်လား ၊ လပေါင်း လေးဆယ်ဟု မိန့်ကြားခဲ့သည်လား၊ သို့မဟုတ် နှစ်ပေါင်း လေးဆယ်ဟု မိန့်ကြားခဲ့သည်လား ဆိုသည်ကို ကျွန်ုပ်မသိပါ" ဟု ဆိုခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဖရဿ်ွဆွလာသ်ဖြစ်စေ စွန်နသ်ဆွလာသ်ဖြစ်စေ ဝတ်ပြုနေသူ၏ရှေ့မှ ဖြတ်သွားခြင်းမပြုရန် သတိပေးတားမြစ်ထားသည်။ အကယ်၍ ထိုသူသည် ဆွလာသ်ဝတ်ပြုနေသူရှေ့မှ သိလျက်တမင်ဖြတ်သွားသူ ရရှိမည့်အပြစ်ကို သိရှိပါက လေးဆယ်ကြာသည်အထိ စောင့်ဆိုင်းခြင်းကို ရွေးချယ်လိမ့်မည်ဖြစ်သည်။ ဤသည် ၎င်းအဖို့ ဆွလာသ်ဝတ်ပြုနေသူ၏ရှေ့မှ ဖြတ်သွားခြင်းထက် ပို၍ကောင်းပေသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီ အဗွန်နဿွရ်က " တမန်တော်မြတ်သည် ရက်လေးဆယ်ဟု ပြောခဲ့ခြင်းလား၊ လ ပေါင်းလေးဆယ်ဟု ပြောခဲ့ခြင်းလား သို့မဟုတ် နှစ် ပေါင်းလေးဆယ်ဟု ပြောခဲ့ခြင်းလား ဆိုသည်ကို ကျွန်ုပ်မသိပါ" ဟု ဆိုသည်။