





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။ ထို့နောက်သွေးခဲအဖြစ် အလားတူကာလ(ရက်ပေါင်း လေးဆယ်)ရှိနေသည်။ထို့နောက် အသားတုံးအဖြစ် အလားတူကာလ (ရက်ပေါင်း လေးဆယ်)ရှိနေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူပြီး အချက်(၄)ချက်ကို (ရေးမှတ်ရန်)အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းကင်တမန်က ထိုသူ၏ရိက္ခာ၊ ထိုသူ၏သက်တမ်း၊ ထိုသူ၏ကျင့်ဆောင်မှုနှင့် ထိုသူသည်လူဆိုးဖြစ်မည် သို့မဟုတ် လူကောင်းဖြစ်မည် စသည်တို့ကိုရေးမှတ်လိုက်သည်။ ထို့နောက် ကောင်းကင်တမန်သည် ၎င်းထဲသို့ဝိညာဉ်မှုတ်သွင်းလိုက်သည်။ သို့ဖြစ်၍ အသင်တို့အနက် ပုဂ္ဂိုလ်တစ်ဦးသည် ဂျန္နသ်သုခဘုံသားတို့၏ (ကောင်းမြတ်သည့်) လုပ်ရပ်များကို ဆောင်ရွက်ရင်း ၎င်းနှင့် သုခဘုံ၏အကြား တစ်တောင်မျှသာလိုတော့သည်။ သို့သော် ၎င်းအပေါ်ရေးမှတ်ထားသည့် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သောကြောင့် ၎င်းသည်ငရဲဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်သည်။ ထို့ကြောင့် ၎င်းသည် ငရဲဘုံသို့ဝင်ရောက်ရသည်။ ထို့အပြင်ပုဂ္ဂိုလ်တစ်ဦးသည် ငရဲဘုံသားတို့၏ (မကောင်းသည့်) လုပ်ရပ်များအား လုပ်ဆောင်ကာ ၎င်းနှင့်ငရဲဘုံကြား၌ တစ်တောင်မျှသာလိုတော့သည်။ ထိုအချိန် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သည့်အတွက် ၎င်းသည်သုခဘုံသားတို့၏ အမလ်ကောင်းမှုကို ဆောင်ရွက်လိုက်ပြီး ဂျန္နသ်သုခဘုံကို ဝင်ရောက်ရသည်။
متفق عليهအိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြခဲ့သည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်မြတ်သည် စကားပြောဆိုရာတွင် မှန်ကန်သူဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်က ထောက်ခံထားသဖြင့် ကိုယ်တော်သည် ထောက်ခံခြင်းခံရသူလည်းဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည့် "အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရသည်"ဆိုသည်မှာ အမျိုးသားသည်မိမိ၏ ဇနီးနှင့် ပေါင်းသင်းပြီးနောက် သီးခြားရှိနေသော မနီသုက်ရည်သည်ပေါင်းစည်းသွားခြင်းဖြစ်ပြီး ၎င်းသည် အမျိုးသမီးထဲတွင် ရက်(၄၀) ကလလရည်ကြည်အဖြစ် သန္ဓေတည်နေသည်။ ထို့နောက် (အလကဟ်)သွေးခဲဖြစ်သွားသည်။ သွေးခဲသည် ဒုတိယရက်(၄၀)၌ဖြစ်ပေါ်လာသည်။ ၎င်းနောက်(မွဒ်ဂဟ်) ဝါးစားနိုင်လောက်သောအရွယ်အစားရှိသည့် အသားတုံးဖြစ်သွားသည်။ဤသည် တတိယရက်(၄၀)၌ ဖြစ်ပေါ်လာသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင် တမန်တော်တစ်ပါးကို ၎င်းထံ စေလွှတ်တော်မူခဲ့ပြီး ထိုကောင်းကင်တမန်က တတိယရက်(၄၀)ပြည့်ပြီးနောက် ၎င်းထဲသို့ဝိညာဉ်မှုတ်သွင်းလိုက်သည်။ ထို့နောက် ယင်းကောင်းကင်တမန်သည် အချက်(၄)ချက်ကိုရေးမှတ်ရန် အမိန့်ပေးခြင်းခံရ၏။ ၎င်းတို့မှာ (၁) ထိုသူ၏ရိက္ခာ၊ ဤသည် ၎င်း၏ သက်တမ်းတလျှောက်လုံး၌ ရရှိမည့်စည်းစိမ်အတိုင်းအတာဖြစ်သည်။ (၂) ထိုသူ၏သက်တမ်း၊ ဤသည် ၎င်းသူလောက၌ နေထိုင်ရမည့် အချိန်ကာလဖြစ်သည်။ (၃) ထိုသူ၏ကျင့်ဆောင်မှုမည်သို့ရှိမည်၊ (၄)ထိုသူသည် လူဆိုးဖြစ်မည်လော သို့မဟုတ် လူကောင်းဖြစ်မည်လော စသည်တို့ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် ကျိန်ဆို၍ ပြောကြားတော်မူသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် ဂျန္နသ်သုခဘုံသားတို့၏ လုပ်ရပ်များကို ဆောင်ရွက်သည်။ ၎င်း၏ လုပ်ရပ်များသည် လူတို့၏အမြင်၌ ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများအဖြစ် မြင်တွေ့ရသည်။ ၎င်းသည် ဤအတိုင်းပင်ဆက်လက် ကျင့်ဆောင်နေရာ သူနှင့်သုခဘုံ၏အကြား တစ်တောင်မျှသာလိုတော့သည်။ ဆိုလိုသည်မှာ သူသည်ဂျန္နသ်သို့ရောက်ရှိရန်မည်မျှပင်ကျန်တော့သည်ဆိုလျှင် မြေကွက်တစ်ခုသို့ရောက်ရှိရန် တစ်တောင်ခန့်သာ လိုသောသူနှင့်ပမာတူပေသည်။ ထိုအခါ၎င်းအတွက် ကြိုတင်ရေးမှတ်ထားသည့် သက္ကဒီရ်သတ်မှတ်ချက်က ၎င်းအပေါ်လွှမ်းမိုးသွားပြီး ၎င်းသည်ငရဲဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်ကာ ထိုအပေါ်၌ပင် ဘဝနိဂုံးချုပ်သွားသဖြင့် ဂျဟန္နမ်သို့ ရောက်ရှိသွားသည်။ အမလ်ကျင့်ဆောင်မှုတစ်ခု လက်ခံခြင်းခံရရန်အတွက် စည်းကမ်းချက် တစ်ခုမှာ ယင်းကျင့်ဆောင်မှုအပေါ်၌ မပြောင်းလဲဘဲ စွဲမြဲစွာရှိနေရမည်ဖြစ်သည်။ အခြားတစ်ဦးသည် ဂျဟန္နမ်ငရဲဘုံသားတို့၏ မကောင်းသော လုပ်ရပ်တို့ကို ပြုမူလုပ်ကိုင်ရင်း ဂျဟန္နမ်သို့ ကျရောက်လုနီးပါးဖြစ်သွားသည်။ ထိုသူနှင့်ဂျဟန္နမ်၏အကြား၌ မြေတစ်တောင်ခန့်သာ လိုတော့သည့်အလား နီးကပ်သွားသည်။ထိုအခါ ၎င်းအတွက် ကြိုတင်ရေးမှတ်ထားသော သက္ကဒီရ်သတ်မှတ်ချက်သည် ၎င်းအပေါ်လွှမ်းမိုးသွားပြီး ၎င်းသည်ဂျန္နသ်သုခဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်ကာ ဂျန္နသ်သုခဘုံသို့ ရောက်ရှိသွားသည်။
သွာဝုစ်က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကတော်အချို့နှင့် ဆုံတွေ့ခဲ့သည်။ ၎င်းတို့အားလုံးက အရာရာတိုင်းသည် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာ ဖြစ်ပေါ်လာသည်ဟူ၍သာ ပြောဆိုကြသည်။ ဆင့်ပြန်သူက ပြောကြားခဲ့သည်။ ကျွန်တော်သည် အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) ပြောကြားသည်ကို ကြားသိခဲ့ရသည်။ ၎င်းကပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အရာရာတိုင်းသည်သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်ပေါ်လာခြင်းဖြစ်၏။ မစွမ်းဆောင်နိုင်ခြင်းနှင့် စွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သို့မဟုတ် စွမ်းဆောင်နိုင်ခြင်းနှင့် မစွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာ ဖြစ်ပေါ်လာခြင်းဖြစ်၏။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အရာရာတိုင်းသည် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်ပေါ်လာသည်။ မစွမ်းဆောင်နိုင်ခြင်းသည်လည်း ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။ မစွမ်းဆောင်ခြင်းဟူသည် လောကီ၊လောကုတ္တရာနှစ်ဌာနနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တာဝန်မကျေပွန်ခြင်း၊ အချိန်ဆွဲခြင်း၊ တာဝန်ကို သတ်မှတ်ထားသည့်အချိန်ထက် နောက်ဆိုင်းခြင်း စသည်တို့ကို ဆိုလိုသည်။ ထို့အတူ စွမ်းဆောင်နိုင်ခြင်းသည်လည်း ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။စွမ်းဆောင်နိုင်ခြင်းဟူသည် လောကီ၊လောကုတ္တရာနှစ်ဌာနနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တက်ကြွစွာဆောင်ရွက်ခြင်း၊ ကျွမ်းကျင်လိမ္မာမှုရှိခြင်း စသည်တို့ကို ဆိုလိုသည်။ အလ္လာဟ်အရှင်မြတ်သည် စွမ်းဆောင်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်း အပါအ၀င် အရာရာတိုင်းကို ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။ မည်သည့်ကိစ္စမဆို အလ္လာဟ်အရှင်မြတ်၏ ‘အိလ်မ်’ အသိပညာတော်နှင့် အရှင်မြတ်၏ အလိုတော်မရှိဘဲ မဖြစ်ပေါ်လာနိုင်ပေ။
မသွရ်ဗင်န် အုကာမိစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအားတစ်နေရာ၌ ကွယ်လွန်သေဆုံးရန် သတ်မှတ်ခဲ့ပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာ(သို့သွားရောက်ရန်) လိုအပ်ချက် ဖြစ်ပေါ်စေသည်။
رواه الترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား ၎င်းမရှိသည့်နေရာတွင် ကွယ်လွန်သေဆုံးရန် သတ်မှတ်၊ဆုံးဖြတ်ထားပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာသို့သွားရောက်ရန် လိုအပ်ချက်ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ၎င်းသူသည် ယင်းနေရာသို့ ရောက်ရှိသွားပြီး ထိုနေရာ၌ အသက်နှုတ်သိမ်းခြင်းခံရသည်။
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေကြစဉ် ပုဂ္ဂိုလ်တစ်ဦးသည် ကုလားအုတ်စီးပြီး ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ကုလားအုတ်ကို ဗလီ(မျက်နှာစာ)၌ ဝပ်တွားစေပြီး ချည်နှောင်ခဲ့သည်။ ထို့နောက် ၎င်းက လူတို့အား အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်တို့၏ အလယ်တွင် မှီလျက်ထိုင်နေတော်မူခဲ့သည်။ ကျွန်ုပ်တို့က ဤမှီလျက်ထိုင်နေတော်မူပြီး အသားဖြူသော ပုဂ္ဂိုလ်ဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ၎င်းက ကိုယ်တော်မြတ်အား အို- အဗ်ဒုလ်မုသ်သွလိဗ်၏သားဟု ခေါ်လိုက်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား ကျွန်ုပ်အသင့်စကားကို (နားထောင်ပြီး) အဖြေပေး(ရန်အသင့်ဖြစ်)နေပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားသည်မှာ ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။ ထိုအခါ ကိုယ်တော့်စိတ်ထဲ၌ ကျွန်တော့်အား ဒေါသမဖြစ်ပါနှင့်။ ထိုအခါကိုယ်တော်က အသင်မေးမြန်းချင်သည်ကို မေးမြန်းပါဟု မိန့်တော်မူလိုက်သည်။ ၎င်းကပြောသည်မှာ ကိုယ်တော်၏ အရှင်သခင်၊ကိုယ်တော်မတိုင်ခင်က ရှိခဲ့ကြသူများ၏ အရှင်သခင်ကို တိုင်တည်၍ ကိုယ်တော့်အား ကျွန်တော် လျှောက်ထားမေးမြန်းပါမည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား လူသားအားလုံးထံသို့ (တမန်တော်အဖြစ်)စေလွှတ်တော်မူသည်ဆိုခြင်းမှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟုဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နေ့နှင့်တစ်ညတွင် ကျွန်ုပ်တို့ဆွလာသ်ငါးကြိမ်ဆောက်တည်ရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နှစ်တွင် ဤ(ရမသွာန်)တစ်လ ကျွန်ုပ်တို့ ဆွိယာမ်ဥပုသ် စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ကျွန်တော်တို့အနက်မှ ချမ်းသာသောသူများထံမှ ဤဇကာသ်ကိုယူ၍ ကျွန်တော်တို့အနက်မှ ဆင်းရဲသားများကို ပြန်၍ခွဲဝေပေးရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်ကပြောကြားသည်မှာ ကိုယ်တော်ယူဆောင်လာခဲ့သည့်အရာ(အစ္စလာမ်သာသနာတော်)အား ကျွန်တော်မျိုး အီမာန်သက်ဝင်ယုံကြည်ပါ၏။ ကျွန်တော်သည် ကျွန်တော့်နောက်တွင်ကျန်ရစ်ခဲ့ကြသော ကျွန်တော့်အမျိုးသားများ၏ ကိုယ်စားလှယ်ဖြစ်ပါသည်။ ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ် မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
متفق عليهအနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ ဆွဟာဗဟ် သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေကြစဉ် ပုဂ္ဂိုလ်တစ်ဦးသည် ကုလားအုတ်စီးပြီး ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ကုလားအုတ်ကို ဗလီမျက်နှာစာ၌ ဝပ်တွားစေပြီး ချည်နှောင်ခဲ့သည်။ ထို့နောက် ၎င်းက သာဝကြီးများအား အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်တို့၏ အလယ်တွင် မှီလျက်ထိုင်နေတော်မူသည်။ ကျွန်ုပ်တို့က ဤမှီလျက်ထိုင်နေတော်မူပြီး အသားဖြူသော ပုဂ္ဂိုလ်ဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ၎င်းက ကိုယ်တော်မြတ်အား အို- အဗ်ဒုလ်မုသ်သွလိဗ်၏သားဟု ခေါ်လိုက်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား ကျွန်ုပ်နားထောင်နေသည် အသင်မေးပါ အသင့်စကားကို အဖြေပေးမည်ဟုဖြေကြားခဲ့သည်။ ထိုအခါ ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားသည်မှာ ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။ မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။ ကိုယ်တော့်စိတ်ထဲ၌ ကျွန်တော့်အား ဒေါသမဖြစ်ပါနှင့်။ စိတ်မဆိုးပါနှင့်။ ထိုအခါကိုယ်တော်က အသင်မေးမြန်းလိုသည်ကို မေးမြန်းပါဟု မိန့်တော်မူလိုက်သည်။ ၎င်းက ပြောသည်မှာ ကိုယ်တော်၏ အရှင်သခင်၊ကိုယ်တော်မတိုင်ခင်က ရှိခဲ့ကြသူများ၏ အရှင်သခင်ကို တိုင်တည်၍ ကိုယ်တော့်အား ကျွန်တော် လျှောက်ထားမေးမြန်းပါမည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား လူသားအားလုံးထံသို့ (တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့သည်မှာ ဟုတ်ပါသလား။ ထိုအခါ ကိုယ်တော်က မှန်ကန်ကြောင်းကို လေးနက်စေရန်အတွက် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နေ့နှင့်တစ်ညတွင် ကျွန်ုပ်တို့ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ဤသည် ဖရ်ဿ်ွဆွလာသ်များနှင့် ပတ်သက်၍မေးမြန်းခြင်းဖြစ်သည်။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နှစ်တွင် ဤ(ရမသွာန်)တစ်လ ကျွန်ုပ်တို့ ဆွိယာမ်ဥပုသ် စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ ကျွန်တော်တို့အနက်မှ ချမ်းသာသောသူများထံမှ ဤဇကာသ်ကိုယူ၍ ကျွန်တော်တို့အနက်မှ ဆင်းရဲသားများကို ပြန်၍ခွဲဝေပေးရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အီမာန်သက်ဝင်ယုံကြည်ခဲ့သည်။ ထို့နောက် ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိမိသည် မိမိအမျိုးသားများကို အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်မည်ဖြစ်ကြောင်းကို အသိပေးခဲ့သည်။ ၎င်းနောက် မိမိကိုယ်မိမိ မိတ်ဆက်ခဲ့ပြီး သူသည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ်မျိုးနွယ်ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇိယာဒ်ဗင်န်လဗီးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြောင်းအရာတစ်ခုကို ပြောပြတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ ယင်းသည် အသိပညာ ပျောက်ကွယ်သွားသည့်အချိန်တွင် ဖြစ်ပေါ်လာလိမ့်မည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသိပညာသည် အဘယ်ကဲ့သို့ပျောက်ကွယ်သွားမည်နည်း။ ကျွန်တော်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ကြပြီး မိမိတို့၏ သားသမီးများကိုသင်ကြားပေးကြသည်။ တဖန် ကျွန်တော်တို့၏ သာသမီးများကလည်း ၎င်းတို့၏သားသမီးများကို သင်ကြားပို့ချကြပါမည်။ ဤအတိုင်းပင် ကိယာမသ်နေ့ထိတိုင် ရှိနေလိမ့်မည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အို ဇိယာဒ်၊ အသင်၏မိခင်သည် အသင့်ကိုပျောက်ဆုံးပါစေ၊ ငါကိုယ်တော်သည် အသင့်အား မဒီနာ၌ အသိပညာအရှိဆုံးသူဟု ထင်မှတ်ထားသည်။ ဤယဟူဒီနှင့် နဆ်ွရာနီတို့သည် သောင်ရာသ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်းတို့ကို ရွတ်ဖတ်ကြသည်။ သို့သော် ၎င်းတို့သည် ထိုကျမ်းများတွင်ရှိသော မည်သည့် အမိန့်ပညတ်ချက်ကိုမျှ လိုက်နာကျင့်သုံးမှု မပြုကြသည် မဟုတ်လောဟု မိန့်ကြားတော်မူသည်။
رواه ابن ماجهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အဆ်ွဟာဗ်တော်များကြားတွင် ထိုင်နေတော်မူပြီး ဤအချိန်သည် လူတို့ထံမှ အသိပညာများ ရုပ်သိမ်းခံရမည့်အချိန်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဇိယာဒ်ဗင်န်လဗီးဒ် အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က အံ့သြ၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးမြန်းတော်မူသည်မှာ အသိပညာသည် အဘယ်ကဲ့သို့ ရုပ်သိမ်းခံရပြီး ကျွန်တော်တို့ထံမှ မည်သို့ပျောက်ကွယ်သွားမည်နည်း။ ကျွန်တော်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ကြပြီး အာဂုံဆောင်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်အားတိုင်တည်ပါ၏။ ဧကန်မုချ ကျွန်တော်မျိုးတို့သည် ကုရ်အာန်ကျမ်းမြတ်ကိုရွတ်ဖတ်ကြမည်ဖြစ်ပြီး မိမိတို့၏ အမျိုးသမီးများနှင့် သားသမီးများကိုလည်းသင်ကြားပေးကြမည်ဖြစ်သည်။ တဖန် ကျွန်တော်တို့၏ သားသမီးများကလည်း ၎င်းတို့၏သားသမီးများကို သင်ကြားပို့ချသွားကြမည်ပင်ဖြစ်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က အံ့ဩလျက် အိုဇိယာဒ်၊ အသင်၏မိခင်သည် အသင့်ကို ပျောက်ဆုံးပါစေ။ ငါကိုယ် တော်သည် အသင့်အား မဒီနာသားတို့၌ အသိပညာအရှိဆုံးသူဟု ထင်မှတ်ထားသည်ဟု ပြောကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အသိပညာပျောက်ကွယ်သွားခြင်းဟူသည် ကုရ်အာန်ကျမ်းမြတ်ပျောက်ကွယ်သွားခြင်းကို ဆိုလိုခြင်းမဟုတ်၊ အသိပညာပျောက်ကွယ်သွားခြင်းဟူသည် ထိုကျမ်းတော်မြတ်အပေါ် လိုက်နာကျင့်သုံးမှု မပြုကြခြင်းကိုဆိုလိုခြင်းဖြစ်သည်။ ယဟူဒီ၊ နဆ်ွရာနီတို့ထံ၌ သောင်ရာသ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်းတို့ ရှိသော်လည်း ၎င်းတို့ကို အကျိုးမပြုသည့်အပြင် ၎င်းတို့သည် ထိုကျမ်းများ၏ ရည်ရွယ်ချက်အတိုင်း အသိပညာအပေါ်လိုက်နာကျင့်သုံးမှုမရှိသဖြင့် အကျိုးမခံစားခဲ့ရပေ။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သက်တော်လေးဆယ်တွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့သည်။ ကိုယ်တော်သည် မက္ကာဟ်မြို့တွင် တစ်ဆယ့်သုံးနှစ် နေထိုင်တော်မူခဲ့သည်။ ထို့နောက် ‘ဟိဂျ်ရသ်’ နေရပ်စွန့်ခွာပြောင်းရွေ့ရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ ထို့ကြောင့် ကိုယ်တော်သည် မဒီနဟ်မြို့သို့ဟိဂျ်ရသ်ပြု ရွှေ့ပြောင်းတော်မူကာ ထိုမြို့၌ ဆယ်နှစ်တိုင် နေထိုင်တော်မူပြီး ကွယ်လွန်တော်မူခဲ့သည်။
متفق عليهအိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်မှာ သက်တော်လေးဆယ်အရွယ်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့ပြီး နဗီတမန်တော်အဖြစ် စေလွှတ်ခြင်းခံရသည်။ ဝဟီကျရောက်ပြီးနောက် ကိုယ်တော်သည် မက္ကာဟ်မြို့တွင် တစ်ဆယ့်သုံးနှစ် နေထိုင်ခဲ့သည်။ထို့နောက် မဒီနဟ်မြို့သို့ဟိဂျ်ရသ်ပြု ရွှေ့ပြောင်းရန်အမိန့်ပေးခြင်းခံခဲ့ရသည်။ထိုမြို့ ၌ဆယ်နှစ်တိုင် နေထိုင်တော်မူပြီး သက်တော် (၆၃) နှစ်တွင် ဝဖာသ်ဖြစ် ကွယ်လွန်တော်မူခဲ့သည်။
ကသာဒဟ်(ရဟိမဟုလ္လာဟ်)က ဆင့်ပြန်ခဲ့သည်။ အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်တော်တို့အားဆင့်ပြန် ပြောကြားခဲ့သည်။ လူတစ်ဦးက ကိုယ်တော့်အား အို - အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော် ကာဖိရ်ငြင်းပယ်သူသည် ကိယာမသ်နေ့၌ မျက်နှာနှင့်မည်သို့လမ်းလျှောက်ပြီး စုရုံးခံရမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် လုပ်ပေးတော်မူသော အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းကိုမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် မစွမ်းဆောင်နိုင်လေသလော။ ကသာဒဟ်ကပြောသည်မှာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဂုဏ်သိက္ခာကို တိုင်တည်ပါသည်။ အမှန်ပင်စွမ်းဆောင်နိုင်တော်မူ၏။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကာဖိရ်ငြင်းပယ်သူသည် ကိယာမသ်နေ့၌ မျက်နှာနှင့်မည်သို့လမ်းလျှောက်ပြီး စုရုံးခံရမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် ပြုလုပ်ပေးတော်မူသော ကြီးကျယ်မြင့်မြတ်သည့် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းအားမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် စွမ်းဆောင်နိုင်သည့် အရှင်မဟုတ်လေသလော။ အလ္လာဟ်အရှင်မြတ်သည်အရာရာတိုင်းကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော်အား ပြောကြားတော်မူသည်မှာ ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။ ဘကြီးတော်ကပြန်လည်ပြောကြားသည်မှာ အကယ်၍ ကုရိုင်ရှ်တို့က ကျွန်ုပ်အားအပြစ်မတင်ကြလျှင်၊ သေရမည်ကို ကြောက်ရွံ့ခြင်းက ကျွန်ုပ်အား ဤသို့ရွတ်ဆိုစေသည်ဟု ၎င်းတို့ပြောကြမည်ကို မစိုးရိမ်လျှင် အမှန်တကယ်ပင် ကျွန်ုပ်သည် ဤကလိမဟ်တော်ကိုရွတ်ဆိုကာ သင်၏မျက်စိကိုအေးမျှစေမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်အား ချပေးတော်မူခဲ့သည်။(ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘကြီးတော် အဗူသွာလိဗ် ကွယ်လွန်ခါနီးနောက်ဆုံးအချိန်တွင် ကလိမဟ်ရှဟာဒသ် ရွတ်ဆိုရန် တိုက်တွန်းခဲ့သည်။ ဤသို့တိုက်တွန်းရခြင်းမှာ ကိယာမသ်နေ့၌ ထိုကလိမဟ်တော်ဖြင့် ဘကြီးတော်အား ရှဖာအသ် ကြားဝင်အသနားခံပေးရန်နှင့် မွတ်စ်လင်မ်ဖြစ်ကြောင်း သက်သေခံပေးရန်အတွက်ဖြစ်သည်။ သို့သော် ဘကြီးတော်သည် ကုရိုင်ရှ်တို့က မိမိအား အပြစ်တင်မည်ကို စိုးရိမ်သောကြောင့် ရှဟာဒသ်ရွတ်ဆိုရန် ငြင်းခဲ့သည်။ ကုရိုင်ရှ်တို့က မိမိအား သေရမည်ကို ကြောက်သည့်စိတ်နှင့် ချည့်နဲ့မှုတို့ကြောင့် အစ္စလာမ်သာသနာကို လက်ခံလိုက်သည်ဟုပြောကြမည်ကို စိုးရိမ်မိသည်။ ထို့နောက် ဘကြီးတော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ပြောကြားခဲ့သည်မှာ ကုရိုင်ရှ်တို့ပြစ်တင်ပြောဆိုကြမည်ကို မစိုးရိမ်ပါက အမှန်တကယ်ပင် ကျွန်ုပ်သည် ကလိမဟ်ရှဟာဒသ်ကို ရွတ်ဆိုကာ သင်၏စိတ်နှလုံးကို ပျော်ရွှင်စေမည်ဖြစ်ပြီး သင်ကျေနပ်သည်အထိ သင့်ဆန္ဒကိုဖြည့်ဆည်းပေးမည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်ကို ချပေးတော်မူခဲ့သည်။ ထိုအာယသ်တော်က ညွှန်ပြနေသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာပေါ်တွင် လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်သည့် ဟိဒါယသ်လမ်းမှန်တရားမျိုးကို မပိုင်ဆိုင်ပေ။ အမှန်တကယ်ပင် တစ်ဆူတည်းတစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာ မိမိအလိုရှိသူကို လိုက်နာကျင့်သုံးနိုင်စွမ်း ပေးတော်မူသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဖန်ဆင်းခံတို့အား ညွှန်ကြားပြသခြင်း၊ ရှင်းလင်းတင်ပြခြင်း၊ လမ်းညွှန်ပေးခြင်း၊ ဖြောင့်မတ်မှန်ကန်သည့်လမ်းစဉ်ဘက်သို့ ဖိတ်ခေါ်ခြင်းအားဖြင့် ဟိဒါယသ် တရားလမ်းမှန်ဘက်သို့ ညွှန်ကြားပြသနိုင်ပေသည်။
အနတ်စ်ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာဗိသ်ဗင်န်ကိုင်းစ်အား ရှာမတွေ့ဖြစ်ခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ကိုယ်တော့်အတွက် ၎င်း၏သတင်းကိုယူလာပါမည်ဟု လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် စာဗိသ်ထံသို့ ရောက်သွားသောအခါ စာဗိသ်သည်ခေါင်းငိုက်စိုက်၍ ထိုင်နေသည်ကိုတွေ့သဖြင့် အသင့်အခြေအနေ မည်သို့ရှိပါသနည်းဟုမေးမြန်းခဲ့သည်။ စာဗိသ်က (ကျွန်တော့်အခြေအနေသည်)ဆိုးရွားပါသည်ဟု ဖြေကြားခဲ့သည်။ ၎င်းသည် မိမိ၏အသံကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အသံထက်ပိုကျယ်လေ့ရှိသည့်အတွက် မိမိ၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးသွားပြီး မိမိသည်ငရဲသားတို့အနက်မှဖြစ်သွားပြီ(ဟုထင်မှတ်ခဲ့ပေသည်။) ၎င်းနောက် ထိုပုဂ္ဂိုလ်သည် တမန်တော်မြတ်ထံလာရောက်၍ စာဗိသ်က ဤကဲ့သို့ ပြောဆိုကြောင်း လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် ကြီးကျယ်လှသည့်သတင်းကောင်းကို ယူဆောင်ကာ ဒုတိယအကြိမ် ပြန်သွားခဲ့လေသည်။ ကိုယ်တော်က မိန့်ကြားတော်မူလိုက်သည်မှာ- အသင်သည် ငရဲသားတို့အနက်မှမဟုတ် သုခဘုံသားတို့အနက်မှဖြစ်သည်ဟု စာဗိသ်ထံသွား၍ ပြောလိုက်ပါလေ။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာဗိသ်ဗင်န်ကိုင်းစ်(ရဿွိယလ္လာဟုအန်ဟု)အား ရှာမတွေ့သဖြင့် သူနှင့် ပတ်သက်၍ မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ကိုယ်တော့်အတွက် ၎င်း၏သတင်းကိုယူလာပါမည်၊ သူပျောက်ကွယ်နေရသည့်အကြောင်းကိုလည်း ပြောပြပါမည်ဟု လျှောက်ထားခဲ့သည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် စာဗိသ်ထံသို့ သွားသောအခါ စာဗိသ်သည် မိမိအိမ်၌ စိတ်မကောင်းဖြစ်ကာ ခေါင်းငိုက်စိုက်၍ ထိုင်နေသည်ကိုမြင်တွေ့ရသဖြင့် အသင့်အခြေအနေ မည်သို့ရှိပါသနည်းဟုမေးမြန်းခဲ့သည်။ စာဗိသ်က မိမိအခြေအနေမှာ ဆိုးရွားပါသည်ဟု ဖြေကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဆာဗိသ်သည် မိမိ၏အသံကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အသံထက်ပိုကျယ်လေ့ရှိသည်။ မည်သူမဆို ဤသို့ပြုလုပ်ပါက သူ၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးသွားကာ သူကိုယ်တိုင်လည်း ငရဲသားတို့တွင်ပါဝင်သွားကြောင်း အလ္လာဟ်အရှင်မြတ်က သတိပေးခြိမ်းခြောက်ထားသည်။ ၎င်းနောက် ထိုပုဂ္ဂိုလ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ ဆာဗိသ်က ဤကဲ့သို့ ပြောဆိုကြောင်း လျှောက်ထားခဲ့သည်။ ကိုယ်တော်မြတ်က ထိုပုဂ္ဂိုလ်အား စာဗိသ်ထံပြန်သွားကာ သူသည်ငရဲသားတို့အနက်မှမဟုတ်ဘဲ သုခဘုံသားတို့အနက်မှဖြစ်ကြောင်းကို သတင်းကောင်းပေးရန် မိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော်စာဗိသ်သည် ပင်ကိုအသံကျယ်သူဖြစ်ပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ခန့်ထားသော မိန့်ခွန်းပြောကြားသူ၊ အန်ဆွာရီတို့ကို မိန့်ခွန်းပြောကြားသူဖြစ်သည်။ ထို့ကြောင့်သာ ကိုယ်တော့်ထက် အသံ ကျယ်သွားရခြင်းဖြစ်သည်။