





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ လူတစ်ယောက်သည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သန်းသွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု တောင့်တမိခြင်းမျိုး မဖြစ်သေးသမျှ ကိယာမသ် ဆိုက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ လမ်းမှားမှုနှင့် လမ်း မှားအပေါ်လျှောက်လှမ်းသူများ လွှမ်းမိုးလာခြင်း၊ ‘ဖိသ်နဟ်’ ပြဿနာများ၊ ပြစ်မှုဒုစရိုက်များ၊ မကောင်းမှုများ ပေါ်ပေါက်လာခြင်းကြောင့် မိမိ၏ သာသနာ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဖြစ်သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ယဟူဒီတို့နှင့် စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ နောက်ဆုံး ကျောက်တုံးက မိမိနောက်တွင် ရဟူဒီရှိကြောင်း ပြောကြားလိမ့်မည်။ အိုမွတ်စ်လင်မ် ကျွန်ုပ်၏နောက်တွင် ဤယဟူဒီပုန်းအောင်းနေသည်။ အသင်သူ့ကို သတ်ပါ။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ မွတ်စ်လင်မ်တို့နှင့် ယဟူဒီတို့ စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ် ဆိုက်ရောက်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ယဟူဒီတစ်ဦးက မွတ်စ်လင်များ မမြင်တွေ့စေရန် ကျောက်တုံးနောက်တွင် ပြေးပုန်းသည့်အခါတွင် အလ္လာဟ်အရှင်မြတ်က ကျောက်တုံးအား စကားပြောဆိုနိုင်စွမ်း ချီးမြှင့်တော်မူလိမ့်မည်။ထိုအခါ ကျောက်တုံးက မိမိနောက်တွင် ယဟူဒီရှိကြောင်းနှင့် ၎င်းကိုသတ်ရန်အတွက် မွတ်စ်လင်မ်အား ဟစ်ခေါ်မည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။
متفق عليهမရ်ယမ်၏ သားတော်အီစာ (အလိုင်းဟိစ္စလာမ်)သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှရီအဟ်တရားလမ်းစဉ်အတိုင်း တရားမျှတစွာ အုပ်ချုပ်သူအဖြစ် ဤအွမ္မသ်၌ ဆင်းသက်ရန် နီးကပ်ပြီဖြစ် ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျိန်ဆို ၍မိန့်ကြားခဲ့သည်။ အီစာ (အလိုင်းဟိစ္စလာမ်)သည် နဆွာရာ ခရစ်ယာန်တို့က အလေးအမြတ်ထားရာ လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်ဖြစ်ပြီး၊ ဝက်များကို သတ်မည်ဖြစ်သည်။ ထို့အတူ ဂျစ်ဇ်ယဟ်အခွန်ကို ဖျက်သိမ်းမည်ဖြစ်သည်။ လူတို့အား အစ္စလာမ်သာသနာတော်ကိုလက်ခံယုံကြည်ရန် အမိန့်ပေးတိုက်တွန်းသွားမည်ဖြစ်သည်။ စည်းစိမ်ဥစ္စာများ အလွန်ပေါများလာသောကြောင့် မည်သူမျှပင် (အလှူ) ငွေကြေးကိုလက်ခံတော့မည်မဟုတ်ပေ။ ဤသို့ဖြစ်ရခြင်းမှာ ဥစ္စာပစ္စည်းများ ပေါများလာခြင်း၊ မိမိလက်တွင်ရှိသောအရာဖြင့် လုံလောက်မှုရှိခြင်း၊ ဗရ်ကသ်မင်္ဂလာများ ကျရောက်လာခြင်း၊ ကောင်းချီးများအဆက်မပြတ် ဖြစ်ပေါ်လာခြင်းတို့ကြောင့်ဖြစ်သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အချိန်ကာလနီးကပ် (တိုတောင်း) မှုမဖြစ်သေးသမျှ ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ တစ်နှစ်သည် တစ်လကဲ့သို့၊ တစ်လသည် တစ်ပတ်ကဲ့သို့၊ တစ်ပတ်သည် တစ်ရက်ကဲ့သို့၊ တစ်ရက်သည် တစ်နာရီကဲ့သို့၊ တစ်နာရီသည် စွန်ပလွံရွက် မီးလောင်သွားသည့် အချိန်အတိုင်းအတာကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
رواه أحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အချိန်ကာလ နီးကပ် (တိုတောင်း) လာခြင်းသည် ကိယာမသ်၏ နိမိတ်လက္ခဏာများတွင်ပါဝင်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် တစ်နှစ်သည် တစ်လကဲ့သို့ ကုန်ဆုံးသွားမည်။ တစ်လသည် တစ်ပတ်ကဲ့သို့ ကုန်ဆုံးသွားမည်ဖြစ်သည်။ ခုနှစ်ရက်ရှိသော ဂျုမုအဟ်တစ်ပတ်သည် တစ်ရက်ကဲ့သို့ ကုန်ဆုံးသွားမည်။ ထိုကဲ့သို့ပင် တစ်ရက်သည် တစ်နာရီကဲ့သို့ ကုန်လွန်သွားမည်ဖြစ်ပြီး တစ်နာရီသည် စွန်ပလွံရွက် မီးလောင်သွားသကဲ့သို့ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားမည်ဖြစ်သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ ယူတော်မူမည်။ မိုးကောင်းကင်များကို မိမိ၏လက်ယာလက်၌ ခေါက်လိပ်တော်မူမည်။ ထို့နောက် မိန့်တော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်မှာ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် သည် ကိယာမသ်နေ့တွင် ကမ္ဘာမြေအား လက်တစ်ဆုပ်ထဲ၌ယူတော်မူကာ စုပေါင်းပစ်မည်။ အရှင်မြတ်သည် မိုးကောင်းကင်အား မိမိ၏ လက်ယာ လက်ဖြင့် ခေါက်လိပ်တော်မူပြီး တစ်ခုအပေါ်တစ်ခုလိပ်ပတ်ကာ ဖျက်စီးပစ်တော်မူမည်။ ထို့နောက် မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏ ကောင်ဆရ်ရေကန်(၏အကျယ်အဝန်း)သည် တစ်လတာခရီး အကွာအဝေးမျှရှိ၏။ ၎င်း၏ရေသည် နို့ထက်ပို၍ဖြူပြီး ၎င်း၏ရနံ့သည် ကတိုးထက်သာပို၍ မွှေးကြိုင်သည်။ ၎င်းရေကန်၌ရှိသော ရေခွက်များသည် မိုးကောင်းကင်ရှိ ကြယ်တာရာတမျှရှိသည်။ ၎င်းရေကန်မှရေကို သောက်လိုက်သောသူသည် မည်သည့်အခါမှ ရေငတ်တော့မည်မဟုတ်ပေ။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ ကိယာမသ်နေ့တွင် မိမိအတွက် ကောင်ဆရ်ရေကန်တော်ရှိမည်ဖြစ်ပြီး ထိုရေကန်၏ အလျား၊အနံသည် တစ်လတာခရီး အကွာအဝေးမျှရှိသည်။ ၎င်း၏ရေသည် နို့ထက်ပို၍ဖြူပြီး ၎င်း၏ရနံ့သည် ကတိုးထက်ပင် သာပိုမွှေးကြိုင်သည်။ ၎င်းရေကန်၌ရှိသော ရေခွက်များသည် မိုးကောင်းကင်ရှိ ကြယ်တာရာများပမာ များပြားလှသည်။ ထိုခွက်များဖြင့် ၎င်းရေကန်မှရေကို သောက်လိုက်သောသူသည် မည်သည့်အခါမှ ရေငတ်လိမ့်မည်မဟုတ်ပေ။
အတ်စ်မာအ်ဗင်သိ အဗီဗက်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။ ထိုအခါ ဖြေကြားခြင်းခံရမည်မှာ ၎င်းတို့သည် အသင်မရှိတော့သည့်နောက် မည်သို့ပြုမူဆောင်ရွက်ခဲ့ကြသည်ကို အသင်သိပါသလော။ အလ္လာဟ်အရှင်မြတ်အား ကျိန်ဆိုပါသည်။ ၎င်းတို့သည် မိမိတို့၏ခြေဖနှောင့်များဘက်သို့ ပြန်လှည့်သွားကြသည်။ (သာသနာမှ ကျောခိုင်းသွားကြသည်။)
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မုချဧကန်ကိုယ်တော်မြတ်သည် ကိယာမသ်နေ့၌ ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး မိမိ၏အွမ္မသ်များအနက် မည်သူသည် ကောင်ဆရ်ရေကန်သို့လာရောက်မည်ကို ကြည့်ရှုတော်မူမည်ဖြစ်သည်။ လူအချို့သည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အနားမှဖယ်ရှားခြင်းခံရမည်။ ထိုအခါ ကိုယ်တော်မြတ်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည်ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု အရှင်မြတ်အားလျှောက်ထားမည်ဖြစ်သည်။ ထိုအခါ ဖြေကြားခြင်းခံရမည်မှာ ၎င်းတို့သည် အသင်နှင့် ခွဲခွါပြီးသည့်နောက် မည်သို့ပြုမူဆောင်ရွက်ခဲ့ကြသည်ကို အသင်သိပါသလော။ အလ္လာဟ်အရှင်မြတ်အား ကျိန်ဆို၍ပြောမည်။ ၎င်းတို့သည် မိမိတို့၏ခြေဖနှောင့်များသို့ပြန်လှည့်သွားကြပြီး သာသနာတော်အား စွန့်ခွာခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အသင့်အနက်မှ မဟုတ်သလို အသင့်အွမ္မသ်သားများအနက်မှလည်းမဟုတ်ပေ။
အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကောင်ဆရ်ရေကန်၏ ရေခွက်မှာအဘယ်သို့ပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဧကန်အမှန် ၎င်းရေကန်၏ရေခွက်များသည် မှောင်မိုက်၍ တိမ်ကင်းစင်သည့်ည၌ မိုးကောင်းကင်ရှိ ကြယ်များ၊ ဂြိုဟ်များထက်ပင် ပို၍များပြားသည်။ ထိုရေခွက်များသည် ဂျန္နသ်သုခဘုံ၏ ရေခွက်များဖြစ်ကြပြီး ထိုခွက်မှသောက်သုံးလိုက်သူသည် မည်သည့်အခါတွင်မျှ ရေငတ်တော့မည်မဟုတ်ပေ။ ထိုရေကန်ထဲသို့ ဂျန္နသ်သုခဘုံမှ ရေတံလျှောက်နှစ်ခု စီးဝင်လျက်ရှိသည်။ ၎င်းရေကန်မှရေကို သောက်လိုက်သူသည် မည်သည့်အခါမှ ရေငတ်မည်မဟုတ်တော့ပေ။ ထိုကန်၏အနံနှင့် အလျားသည် တူညီပြီး အမ္မာန်မှ အိုင်လဟ်ဒေသနှစ်ခုကြား အကွာအဝေးမျှ ကျယ်ဝန်းသည်။ ၎င်း၏ရေသည် နို့ထက်ပို၍ဖြူပြီး ပျားရည်ထက်ပို၍ချိုမြသည်။
رواه مسلمကိယာမသ်နေ့တွင် ကောင်ဆရ် ရေကန်၌ရှိသော ရေခွက်များ၏ အရေအတွက်သည် လမိုက်ညတွင် ထွက်ပေါ်နေသည့် မိုးကောင်းကင်ရှိကြယ်များ၊ ဂြိုဟ်များ၏ အရေအတွက်ထက်ပင် ပို၍များပြားကြောင်းတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကကျိန်ဆို၍ မိန့်ကြားတော်မူခဲ့သည်။ လမိုက်ညဟုဆိုရခြင်းမှာ လသာသောညတွင် ကြယ်များသည်လ၏အလင်းရောင်ကြောင့် ဖုံးကွယ်လျက်ရှိပြီး ရှင်းလင်းထင်ရှားစွာ မမြင်ရပေ။ထို့အပြင် သြဝါဒတော်၌ ထိုညကို တိမ်ကင်းစင်သောညဟူ၍ မိန့်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် တိမ်ရှိလျှင် ကြယ်များကို မြင်တွေ့နိုင်ရန်အတားအဆီးဖြစ်သောကြောင့် ဖြစ်သည်။ ထိုခွက်များသည် ဂျန္နသ်သုခဘုံ၏ ရေခွက်များဖြစ်ပြီး ထိုခွက်မှသောက်သုံးလိုက်သူသည် မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်ပေ။ ထိုရေကို မသောက်မီအလျင်က ခံစားခဲ့ရသောရေငတ်ခြင်းသည် နောက်ဆုံးရေငတ်ခြင်းပင်ဖြစ်သည်။ ထိုရေကန်ထဲသို့ ဂျန္နသ်သုခဘုံမှ ရေတံလျှောက်နှစ်ခု စီးဝင်လျက်ရှိသည်။ထိုရေကန်၏ အလျား၊ အနံတူညီပြီး အနားပတ်လည် တူညီသည်။ ရေကန်၏ အလျားသည် ရှားမ်နိုင်ငံ ဗလ်ကာအ်တွင်ရှိသည့် အမ္မာန်မြို့နှင့် ရှားမ်၏ အစွန်အဖျား ပင်လယ်ကမ်းခြေရှိ ကျော်ကြားလှသည့်မြို့ဖြစ်သည့် အိုင်လဟ်ကြားအကွာအဝေးမျှ ကျယ်ဝန်းသည်။ ရေကန်၏ ရေသည်နို့ထက်ပို၍ဖြူပြီး ၎င်း၏အရသာသည် ပျားရည်ထက်ပို၍ ချိုမြသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။ ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောကမီးဖြင့်ပင် (အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်)လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည်လောကီမီးထက် အဆပေါင်း (၆၉)ဆသာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီးနှင့်ညီမျှ၏။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လောကီ၏မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် ငရဲမီး၏ အပူရှိန်သည် လောကီမီးထက် အဆပေါင်း (၆၉)ဆ ပို၍ပြင်းထန်ပြီး တစ်ဆတိုင်းသည် လောကီမီး၏အပူရှိန်နှင့်ညီမျှသည်။ ထိုအခါ ကိုယ်တော့်အား အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤလောက၏မီးဖြင့်ပင် ပြစ်ဒဏ်ခတ်ရန်လုံလောက်ပါသည်ဟု လျှောက်ထားခဲ့ကြရာ ကိုယ်တော်က ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည် လောကီမီးထက် အဆပေါင်း(၆၉)ဆ သာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီး၏ အပူရှိန်နှင့်ညီမျှသည်ဟု မိန့်ကြားတော်မူခဲ့သည်။