





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗ်ဒုလ္လာဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ (ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊အလ္လာဟ်အရှင်မြတ်၏ အကြံအစည်တော်ကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ဆန္ဒမထားခြင်းတို့ဖြစ်သည်။
အဗ်ဒွရ်ရဇ္ဇာက် ဆင့်ပြန်ခဲ့သည်။ဤဩဝါဒတော်၌ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပြစ်မှုဒုစရိုက်ကြီးများအဖြစ် သတ်မှတ်ထားသည့် အပြစ်အကုသိုလ်များကို မိန့်ကြားခဲ့သည်။ ၎င်းတို့မှာ - အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းတော်မူခြင်းနှင့် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်းတို့၌ တစ်စုံတစ်ရာကို(ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှုပြုခြင်း ဖြစ်သည်။ ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်းသည် အကြီးလေးဆုံး အပြစ်အကုသိုလ်ဖြစ်သည့်အတွက် ၎င်းဖြင့်အစပြု တင်ပြထားခြင်းဖြစ်သည်။နောက်ထပ်ပြစ်မှုတစ်ခုမှာ အလ္လာဟ်အရှင်မြတ်အပေါ် မျှော်လင့်ချက် ကင်းမဲ့ခြင်းဖြစ်သည်။ ထိုသို့ မျှော်လင့်ချက် ကင်းမဲ့ခြင်းသည် အလ္လာဟ်အရှင်မြတ်အပေါ် မကောင်းသည့် ထင်မြင်ချက်ထားခြင်း၊ အရှင်မြတ်၏ကရုဏာတော် ကျယ်ဝန်းမှုကို မသိနားမလည်ခြင်းပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်အား ချက်ချင်း အပြစ်မပေးဘဲ ၎င်းသတိမမူသည့်အချိန်၌ အပြစ်ပေးတော်မူရန်အတွက် ၎င်းအား စည်းစိမ်ချမ်းသာထဲတွင် ခေတ္တမျှလွှတ်ထားကာ အချိန်ဆိုင်းထားခြင်းကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်းသည်လည်းအပြစ်အကုသိုလ်ကြီးတစ်ခုပင်ဖြစ်သည်။ (ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များသည် ဤဩဝါဒတော်၌ တင်ပြထားသလောက်သာ ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ကြီးလေးသော အပြစ်အကုသိုလ်များသည် အများအပြားရှိပြီး ၎င်းတို့အနက် အကြီးဆုံးအပြစ်အကုသိုလ်များကို တင်ပြရန် ဩဝါဒတော်က ရည်ရွယ်ခြင်းသာဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အီမာန် သက်ဝင်ယုံကြည်မှု၌ အကိုင်းအလက် (အစိတ်အပိုင်း) ခုနစ်ဆယ်ကျော် သို့မဟုတ် ခြောက်ဆယ်ကျော် ရှိသည်။ ၎င်းတို့အနက် အမြင့်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်”ရွတ်ဆိုခြင်းဖြစ်ပြီး အနိမ့်ဆုံးမှာ လမ်းပေါ်မှ ဒုက္ခဖြစ်စေမည့် အရာကို ဖယ်ရှားပေးခြင်းဖြစ်သည်။ အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အီမာန် သက်ဝင်ယုံကြည်မှုတွင် အကိုင်းအလက်များ၊ အကျင့်အမူများ များစွာရှိသည်။ ယင်း၌ နှုတ်ဖြင့်ဝန်ခံခြင်း၊ လက်တွေ့ကျင့်ဆောင်ခြင်း၊ နှလုံးသားဖြင့် သက်ဝင်ယုံကြည်ခြင်းတို့ပါဝင်သည်။ အီမာန်၏ အကျင့်အမူများအနက် အမြင့်ဆုံးနှင့် အမွန်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်” အား အဓိပ္ပာယ်နားလည်ပြီး ရွတ်ဆိုခြင်း၊ ကလိမဟ်တော်၏ တောင်းဆိုချက်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြစ်သည်။ ကလိမဟ်၏ အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် ကိုးကွယ်ခံထိုက်သည့်အရှင်ဖြစ်ပြီး အရှင်မြတ်မှအပ ကိုးကွယ်ထိုက်သည့် အရှင်ဟူ၍မရှိဖြစ်သည်။ အီမာန်၏အနိမ့်ဆုံး အမလ်ဆောင်ရွက်မှုမှာ လူတို့အား ဒုက္ခဖြစ်စေမည့် အရာတိုင်းအား လမ်းပေါ်မှ ဖယ်ရှားပေးခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းများအနက်မှ ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ အရှက်တရားဟူသည် ကောင်းသောကိစ္စများကို ပြုလုပ်ရန်နှင့် စက်ဆုပ်ဖွယ်ရာကိစ္စများကို စွန့်လွှတ်ရန် တွန်းအားပေးသည့် အကျင့်စာရိတ္တပင်ဖြစ်သည်။
အဗူဗရှီးရ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ခရီးစဉ်တစ်ခု၌ရှိခဲ့သည်။ လူတို့သည် မိမိတို့၏ တည်းခိုရာနေရာ၌ရှိနေစဉ် ကိုယ်တော်က အစေတော်တစ်ဦးအား စေလွှတ်၍ မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ကုလားအုတ်လည်ပင်း၌ ချည်ထားသော မည်သည့်ခေါင်းလောင်းကြိုးနှင့် ခမည်းကြိုးကိုမဆို မချန်ထားဘဲ ဖြတ်တောက်ပစ်ရန် မှာကြားတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ခရီးစဉ်တစ်ခု၌ ရှိနေခဲ့သည်။ လူတို့သည် မိမိတို့ ညအိပ်စက်နားနေသည့် နေရာများ၊ ရွက်ဖျင်တဲများတွင်ရှိနေကြစဉ် ကိုယ်တော်သည် ပုဂ္ဂိုလ်တစ်ဦးအား ၎င်းတို့ထံ စေလွှတ်၍ ကုလားအုတ်လည်ပင်း၌ ချည်ထားသောကြိုး (လေးကိုင်းကဲ့သို့ဖြစ်စေ) သို့မဟုတ် ခေါင်းလောင်းဖြစ်စေ ခြေထောက်များတွင်ချည်သည့်ကြိုးဖြစ်စေ၊ မည်သည့်အရာကိုမဆို ဖြစ်တောက်ပစ်ရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ထိုကြိုးများကို ချည်နှောင်ထားကြခြင်းဖြစ်သည်။ ကိုယ်တော်သည် ၎င်းတို့ကို ဖြတ်ပစ်ရန် အမိန့်ပေးတော်မူခြင်းမှာ ထိုအရာများသည် ၎င်းတို့ထံမှ မည်သည့်ဘေးဒုက္ခကိုမျှ မဖယ်ရှားပေးနိုင်သည့်အတွက်ဖြစ်သည်။ မုချဧကန် ကောင်းကျိုးနှင့် ဆိုးကျိုးသည် ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် လက်တော်၌သာရှိပေသည်။
အဗ်ဒုလ္လာဟ် ဗင်န် အိုကိုင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။
သိရ်မိဇီကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။အကြင်သူသည် မိမိ၏ စိတ်နှလုံးသားနှင့်ဖြစ်စေ သို့မဟုတ် လုပ်ရပ်နှင့်ဖြစ်စေ သို့မဟုတ် နှစ်ခုစလုံးနှင့်ဖြစ်စေ တစ်စုံတစ်ရာထံမှ ကောင်းကျိုးများရရှိရန် သို့မဟုတ် ဒုက္ခများကို ဖယ်ရှားပေးရန် အတွက် မျှော်လင့်ချက်ထားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သူမျှော်လင့်ချက်ထားခဲ့သည့် အရာဘက်သို့ အပ်နှင်းတော်မူမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အဆက်အသွယ်ထားရှိခဲ့သော် အရှင်မြတ်သည် ထိုသူ့အဖို့ လုံလောက်တော်မူပြီး အခက်အခဲတိုင်းကို လွယ်ကူစေတော်မူမည်ဖြစ်သည်။ ထို့အတူ မည်သူမဆို အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် အဆက်အသွယ်ထားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့ အပ်နှင်းတော်မူလိုက်ပြီး ကူညီစောင်မတော်မူခြင်းမပြုဘဲ စွန့်ပစ်ထားတော်မူမည်ဖြစ်သည်။
သွာရိက် ဗင်န် အရှီးမ် အလ်အရှ်ဂျအီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အကြင်သူသည် ကလိမာတော် “လာအိလာဟ အိလ္လလ္လာဟ်” (အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သူမရှိ)အား နှုတ်ဖြင့်ရွတ်ဆို သက်သေခံမည်။ အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်မည်။ အစ္စလာမ်သာသနာတော်မှအပ အခြားသာသနာများအားလုံးမှ ကင်းရှင်းမည်ဆိုပါက သူ၏ ပစ္စည်းဥစ္စာ၊ အသက်သွေးတို့သည် အခြားမွတ်စ်လင်မ်များအပေါ်တွင် ဟရာမ်ဖြစ်သွားပြီဖြစ်သည်။ ပေါ်လွင်ထင်ရှားသော သူ၏လုပ်ရပ်သည်သာ ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်။ ထို့ကြောင့် ရာဇဝတ်မှုနှင့် ပြစ်ကျူးလွန်မှုတို့ကြောင့် အစ္စလာမ့် အမိန့်ပညတ်ချက်များအရ အရေးယူအပြစ်ပေးသည့် ကိစ္စမျိုးမှလွဲ၍ သူ၏ဥစ္စာပစ္စည်းကို သိမ်းပိုက်ခြင်း၊ သွေးထွက်သံယိုပြုခြင်းတို့ ပြုခွင့်မရှိတော့ပေ။ ကိယာမသ်နေ့၌ ၎င်းအား စာရင်းစစ်ဆေးခြင်းကို အလ္လာဟ်အရှင်မြတ်က တာဝန်ယူထားပြီးဖြစ်သည်။ အကယ်၍ ၎င်းသည် မှန်ကန်သူဖြစ်ပါက အရှင်မြတ်က အကျိုးကုသိုလ်ချီးမြှင့်မည်ဖြစ်ပြီး မုနာဖိက် အရေခြုံမွတ်စ်လင်မ်ဖြစ်ပါက အရှင်မြတ်က ပြစ်ဒဏ်ပေးမည်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
رواه أبو داود والترمذي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ သူတစ်ပါးအပေါ် သနားကြင်နာသူများကို “ရဟ်မာန်”မဟာကရုဏာတော်ရှင်က အရာခပ်သိမ်းထက်ပို၍ ကြီးကျယ်လှသော မိမိ၏မဟာကရုဏာတော်ဖြင့် သနားကြင်နာတော်မူမည်ဖြစ်သည်။ ဤသည် ၎င်းတို့၏လုပ်ရပ်နှင့်အညီ အစားပေးခြင်းပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကမ္ဘာမြေပထဝီ၌ရှိသော လူသားများ၊ တိရစ္ဆာန်များ၊ ငှက်များနှင့် အခြားအဖန်ဆင်းခံများကို သနားကြင်နာရန် မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ သနားကြင်နာမှု၏အစားမှာ မိုးကောင်းကင်ထက်တွင်ရှိသော အလ္လာဟ်အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူမည်ဖြစ်သည်။
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးသူကို ဤသိုမိန့်တော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးနှင့်(ဤပြစ်ဒဏ်ကို လဲလှယ်၍)လျော်ကြေးပေးမည်လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။ အရှင်မြတ်က မိန့်တော်မူမည်။ အသင်သည် အာဒမ်၏ကျောရိုးထဲတွင်ရှိနေစဉ် ငါအရှင်မြတ်သည် အသင့်အား ဒီထက်ပို၍ပေါ့ပါးသည့်တာဝန်ကို ထမ်းဆောင်ရန်လိုလားခဲ့သည်။ ယင်းတာဝန်မှာ အသင်သည် ငါအရှင်မြတ်နှင့်ရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခြင်းမပြုရန်ဖြစ်သည်။ သို့သော် အသင်သည် မနာခံဘဲ ငါအရှင်မြတ်နှင့်သာရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးငရဲသားအား သူငရဲဘုံသို့ကျပြီးနောက် ဤသိုမေးတော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးကို ဤပြစ်ဒဏ်နှင့် လဲလှယ်၍လျော်ကြေးပေးမည်လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူမည်။ အသင်သည် အာဒမ်၏ကျောရိုးထဲတွင်ရှိနေစဉ်အချိန်က ငါအရှင်သည် အသင့်၏အရှင်ဖြစ်ကြောင်းယုံကြည်ရန် အသင့်ထံမှ ကတိယူခဲ့ပြီး ငါအရှင်မြတ်သည် အသင့်အား ယခုအသင် လဲလှယ်မည်ဟူသော အရာထက်ပင်ပို၍လွယ်ကူသော ကိစ္စကိုဆောင်ရွက်ရန် ငါအရှင်သင့်အား အမိန့်ပေးခဲ့သည်။ ၎င်းမှာ အသင်သည် ငါအရှင်မြတ်နှင့်ရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခြင်းမပြုရန်ဖြစ်သည်။ သို့သော် ငါအရှင်အသင့်အား လောကီဘဝသို ရောက်စေသောအခါ အသင်သည် အမိန့်မနာခံဘဲ အလ္လာဟ်အရှင်မြတ်နှင့်သာရှိရ်က်တုပယှဥ်တွဲကိုးကွယ်ခဲ့သည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောပြခဲ့သည်။ လူတို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)အား နက္ခတ်ဗေဒင်အကြားအမြင်ဆရာများနှင့် ပတ်သက်၍ လျှောက် ထားမေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့သည် ဘာမှမဟုတ်ချေဟု ဖြေကြားတော်မူသည်။ ထိုအခါ လူတို့က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် တစ်ခါတစ်ရံ ၎င်းတို့သည် ကျွန်တော်တို့အား တစ်စုံတစ်ရာ ပြောကြားလိုက်ရာ ထိုကိစ္စသည်အမှန်ဖြစ်နေပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အနာဂတ်တွင်ဖြစ်လာမည့် အကွယ်အကြောင်းအရာများကို ဟောကြားသူများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရသည်။ ထိုအခါ ကိုယ်တော်က အသင်တို့သည် ၎င်းတို့ကို ဂရုမစိုက်ကြလေနှင့်။ သူတို့၏စကားကို နားမထောင်ကြလေနှင့်။ သူတို့၏ကိစ္စကို အရေးမစိုက်ကြလေနှင့်ဟု ဖြေကြားခဲ့သည်။ ထိုအခါ မေးမြန်းသူများက ၎င်းတို့၏စကားသည် တစ်ခါတစ်ရံတွင် အဖြစ်မှန်နှင့် ကိုက်ညီသည်လည်း ရှိပါသည်။ အကယ်၍ ၎င်းတို့က အကွယ်ရှိကိစ္စရပ်တစ်ခုအား မည်သည့်လ၊ မည့်သည့်နေ့တွင် ဖြစ်မည်ဟု အသိပေးပြောကြားလိုက်ရာ ထိုကိစ္စသည် ၎င်းတို့စကားအတိုင်း ဖြစ်လာခဲ့သည်ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဂျင်န်များသည် မိုးကောင်းကင်မှကြားရသော စကားကို အလျင်အမြန်သုတ်ယူလာကာ မိမိ၏မိတ်ဆွေ နက္ခတ်ဗေဒင်အကြားအမြင်ဆရာများထံ ဆင်းလာကြပြီး သူတို့ကြားခဲ့သမျှကို ၎င်းတို့အား သတင်းပေးကြသည်။ ၎င်းနောက် ထိုနက္ခတ်ဗေဒင်အကြားအမြင်ဆရာက သူနားထောင်ခဲ့သည့် မိုးကောင်းကင်သတင်း၌ မုသားစကားတစ်ရာ ထပ်ထည့်လိုက်ကြသည်။
အနတ်စ်ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ မုအာဇ်သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင်လိုက်ပါခဲ့သည်။ ကိုယ်တော်က အို-မုအာဇ်ဗင်န်ဂျဗလ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုသို့ သုံးကြိမ်ခေါ်တော်မူပြီးနောက် ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။ ထိုအခါ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် လူတို့ဝမ်းမြောက်ပျော်ရွှင်ကြစေရန်အတွက် ဤသတင်းကို ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ပြောပြလိုက်လျှင် ၎င်းတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှုမပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ထို့ကြောင့် မုအာဇ်သည် ကွယ်လွန်ခါနီးအချိန်၌ (အသိပညာကို ဖုံးကွယ်ထားသည့်) အပြစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုအကြောင်းကို ပြောပြခဲ့သည်။
متفق عليهမုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ကိုယ်တော်က သူ့အား အို-မုအာဇ်ဟု ခေါ်လိုက်သည်။ ကိုယ်တော်သည် မိမိရှေ့ဆက်ပြောမည့်စကားကို အလေးအနက်ထားစေရန်အတွက် သူ့အား သုံးကြိမ်တိုင်တိုင် ခေါ်တော်မူသည်။ ကိုယ်တော်က ခေါ်လိုက်တိုင်း မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)က “အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်။” ဟု ဖြေကြားခဲ့သည်။ ဆိုလိုသည်မှာ ကျွန်တော်မျိုးသည် အကြိမ်ကြိမ် ကိုယ်တော်၏ အမိန့်ကိုနာခံနေပါသည်။ ကိုယ်တော်၏ အမိန့်ကိုနာခံရန် အမြဲအဆင်သင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားသည်မှာ မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို လိမ်လည်၍ မဟုတ်ဘဲ စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံပြီး ဤအခြေအနေ၌ပင် ကွယ်လွန်သွားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည် ဖြစ်သည်။ ထိုအခါ မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)က လူတို့ ဝမ်းမြောက်ပျော်ရွှင်ကြစေရန်နှင့် သတင်းကောင်း ရရှိကြစေရန်အတွက် ဤသတင်းကို လူတို့အား ပြောပြရန် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ခွင့်တောင်းခဲ့သည်။ သို့သော် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး အမလ်ကျင့်ဆောင်မှု လျော့နည်းသွားကြမည်ကို စိုးရိမ်တော်မူခဲ့သည်။ ထို့ကြောင့် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)သည် ဤသတင်းကို မည်သူ့ကို မှ မပြောပြခဲ့ပေ။ သို့သော် ကွယ်လွန်ခါနီးအချိန်၌ အသိပညာကို ဖုံးကွယ်သည့် အပြစ်ထိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပြောပြခဲ့ခြင်းဖြစ်သည်။