





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤဒုအာကို တောင်းခံလေ့ရှိတော်မူသည်။ “အလ္လာဟွမ်မ အင်န်နီး အအူးဇုဗိက မင်န်အဇာဗိ ဂျဟန္နမ်မ၊ ဝမင်န်အဇာဗိလ် ကဗရိ၊ ဝမင်န် ဖိသ်နသိလ် မဟ်ယာ ဝလ်မမာသိ ဝမင်န် ဖိသ်နသိလ် မစီးဟိဒ်ဒဂျာလ်“ (အဓိပ္ပါယ် အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှ လည်း ကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံ တွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ အန္တရာယ်မှလည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်ပါး၌ ခိုလှုံပါ၏။) မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- သင်တို့အနက် တစ်ဦးတစ်ယောက်သည် နောက်ဆုံး “သရှဟ္ဟုဒ်” ပြီးဆုံးသွားသည့်အခါ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်၏ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေချိန်နှင့် ကွယ်လွန်ချိန်တွင် ကြုံတွေ့ရမည့် ဖိသ်နဟ် စမ်းသပ်မှုများမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ ဖိသ်နဟ် စမ်းသပ်မှုမှလည်းကောင်း ခိုလှုံခွင့်တောင်းခံပါ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နောက်ဆုံး သရှဟ္ဟုဒ်ဖတ်ပြီးနောက် စလာမ်မလှည့်မီ အရာလေးခုကို အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံလေ့ရှိသည်။ ထို့ပြင် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ထိုအရာလေးခုမှ အလ္လာဟ်အ ရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံကြရန် မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့မှာ- ပထမ ။ ။ ကဗရ်၏အဇာဗ်ပြစ်ဒဏ်မှခိုလှုံခွင့်တောင်းခံရန်။ ဒုတိယ။ ။ ကိယာမသ်နေ့၌ ငရဲမီး၏ အဇာဗ်ပြစ်ဒဏ်မှခိုလှုံခွင့်တောင်းခံရန်။ တတိယ။ ။ အသက်ရှင်နေစဉ် ကြုံတွေ့ရမည့် ဖိသ်နဟ် စမ်းသပ်မှုများဖြစ်သော ဟရာမ် တားမြစ်ထားသော လောကီအလိုရမ္မက်များနှင့် လမ်းမှားစေမည့် ဒွိဟသံသယများမှလည်းကောင်း၊ သေဆုံးချိန်တွင် ကြုံတွေ့ရမည့်ဖိသ်နဟ် စမ်းသပ်မှုများဖြစ်သော သေဆုံးခါနီးအချိန်တွင် အစ္စလာမ်သာသ နာ သို့မဟုတ် စွန္နသ်လမ်းစဥ်မှ တိမ်းချော်သွားခြင်းမှလည်းကောင်း၊ ကောင်း ကင်တမန်နှစ်ပါး၏ မေးမြန်းခြင်းကဲ့သို့ ကဗရ်သင်္ချိုင်း၏ စမ်းသပ်မှုများမှလည်းကောင်း ခိုလှုံခွင့်တောင်းခံရန်။ စတုတ္ထ။ ။ နောက်ဆုံးအချိန်ကာလတွင် ထွက်ပေါ်လာမည့် မစီးဟ် ဒဂျ်ဂျာလ်၏ ဖိသ်နဟ် စမ်းသပ်မှုမှလည်းကောင်း ခိုလှုံရန်ဖြစ်သည်။ အလ္လာအရှင်မြတ်သည်၎င်းကိုအကြောင်းပြု၍မိမိ၏ ဗန္ဒဟ်ကျေးကျွန်တို့အား စမ်းသပ်တော်မူမည်ဖြစ်သည်။ ဒဂ်ျဂျာလ်အကြောင်း သီးသန့် တင်ပြထားခြင်းမှာ ၎င်း၏အန္တရာယ်နှင့် လမ်းမှားစေခြင်းတို့မှာကြီးမားသည့်အတွက်ကြောင့်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်၌ သက္ကဗီရ်သဟ်ရီမဟ် ဆိုပြီးနောက် ကိရာအသ်ရွတ်ဖတ်မှု မပြုမီ ခေတ်တမျှတိတ်ဆိတ်စွာ နေတော်မူသည်။ ထို့ကြောင့် ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး၏ ဖခင်နှင့် မိခင်ကို ကိုယ်တော့်အပေါ် စွန့်လှူပါသည်။ ကိုယ်တော်သည် သက္ကဗီရ်နှင့် ကိရာအသ်ကြားတွင် တိတ်ဆိတ်စွာနတော်မူစဉ် အဘယ်အရာကို ရွတ်ဖတ်တော်မူပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ငါကိုယ်တော် ဤသို့ရွတ်ဖတ်တော်မူသည်ဟု မိန့်ကြားတော်မူသည်။ ( اَللّٰهُمَّ بَاعِدْ بَيْنِيْ وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اَللّٰهُمَّ نَقِّنِيْ مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأََبْيَضُ مِنَ الدَّنَسِ، اَللّٰهُمَّ اغْسِلْنِيْ مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ ) (အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်က အရှေ့အရပ်နှင့် အနောက်အရပ်အား ကွာလှမ်းစေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကျွန်တော်မျိုးနှင့် ဝေးကွာစေတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ဖြူစင်သောအဝတ်အထည်မှ အညစ်အကြေးများကို ကောင်းမွန်စွာ လျှော်ဖွတ်ခြင်းကြောင့် အညစ်အကြေးများမှ ကင်းစင်စေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကင်းစင်စေတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ဆီးနှင်းရေဖြင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း၊ မိုးသီးရေဖြင့်လည်းကောင်း ဆေးကြောသန့်စင်စေတော်မူပါ။)
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုရန် သက္ကဗိရ်သဟ်ရီမဟ် ဆိုပြီးနောက် စူရဟ်ဖာသိဟဟ် မဖတ်မီ အနည်းငယ် တိတ်ဆိတ်စွာနေတော်မူပြီး ဆွလာသ်အား စတင်ရန် ဒုအာဆုမွန်ဒုအချို့ကို တောင်းခံတော်မူသည်။ ထိုသို့ ဆွလာသ်၏အစတွင်ဖတ်ကြားသည့် ဒုအာများအနက် တစ်ခုမှာ (အလ္လာဟွမ္မ ဘာအိဒ် ဗိုင်းနီးဝဗိုင်းန ခသွာယာယ ကမာဗာအသ်သ ဗိုင်းနလ်မရှ်ရိကိ ဝလ်မဂရိဗ်၊ အလ္လာဟွမ္မ နက္ကိနီး မင်န် ခသွာယာယ ကမာ ယုနက်ကဆ် ဆောင်းဗုလ်အဗ်ယဿု မိနဒ္ဒနတ်စ်၊ အလ္လာဟွမ်မဂ်စိလ်နီး မင်န် ခသွာယာယ ဗိဆ်ဆလ်ဂျိ ဝလ်မာအိ ဝလ်ဗရ်ဒ်) ကိုယ်တော်သည် ဤသို့ဒုအာပြုတော်မူသည်။ အရှေ့အရပ်နှင့် အနောက်အရပ်သည် မည်သည့်အခါမျှ ဆုံစည်းခြင်းမရှိသကဲ့သို့ မိမိအနေဖြင့် အပြစ်အကုသိုလ်များထဲသို့ မကျရောက်စေရန်အတွက် မိမိနှင့် အပြစ်အကုသိုလ်များကြားတွင် မဆုံဆည်းနိုင်လောက်အောင် ဝေးကွာစေတော်မူပါ။ အကယ်၍ အပြစ်အကုသိုလ် ကျူးလွန်မိပါကလည်း အဖြူရောင်အဝတ်မှ အညစ်အကြေးများ ကင်းစင်သကဲ့သို့ အပြစ်များကို သန့်စင်ဖယ်ရှားပေးတော်မူပါ။ ထို့ပြင် ရေ၊ ဆီးနှင်းရေ၊ မီုးသီးရေကဲ့သို့ အေးမြသန့်ရှင်းသည့် အရာများဖြင့် အပြစ်၏ပူလောင်မှုနှင့် လောင်ကျွမ်းမှုများ ငြိမ်းသတ်ကာ အပြစ်အကုသိုလ်များကို မိမိထံမှ ဆေးကြောပေးသနားတော်မူပါ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သင်တို့အနက် တစ်ဦးတစ်ယောက်၏ အိုးခွက်ထဲရှိရေကို ခွေးသောက်ခဲ့လျှင် ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရမည်။ မုစ်လင်မ်ကျမ်း၌ « أُولَاهُنَّ بِالتُّرَابِ » "ယင်းခုနစ်ကြိမ်၏ ပထမအကြိမ်ကို မြေကြီးဖြင့် (ပွတ်တိုက်၍ ဆေးကြောရမည်) ဟုလာရှိသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) )က မိန့်တော်မူသည်မှာ- ခွေးသည် ၎င်း၏လျှာဖြင့် ခွက်အတွင်း၌ လျက်ခဲ့ပါက ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရန် အမိန့်ပေးတော်မူခဲ့သည်။ ယင်း ခုနစ်ကြိမ်အနက် ပထမအကြိမ်ကို မြေကြီးဖြင့် ဆေးကြောပြီးမှ ရေဖြင့် ဆက်လက်ဆေးကြောရမည်။ ဤနည်းအားဖြင့် ၎င်း၏ ညစ်ညမ်းမှုနှင့် ဘေးအန္တရာယ်မှ စင်ကြယ်မှုအပြည့်အဝရရှိနိုင်မည်ဖြစ်သည်။
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပေါ့၊ အလေးစွန့်သည့်နေရာသို့ ဝင်ရောက်ရန် ရည်ရွယ်သောအခါ ရှိုင်သွာန်အထီးအမတို့၏ ဘေးအန္တရာယ်မှ မိမိအားကာကွယ်ပေးရန်အတွက် အရှင်မြတ်ထံတော်ပါးတွင် အကာအကွယ်နှင့် ခိုလှုံမှုကို တောင်းခံတော်မူသည်။ (ခုဗုစ်)နှင့် (ခဘာအိစ်)ကို အန္တရာယ်၊ အညစ်အကြေးများဟုလည်း ဖွင့်ဆိုကြသည်။
စုဟိုင်လ်ဗင်န်ဟနီးဖ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန် တောင်းဆိုခဲ့ပါက ထိုသူသည် မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကျေနပ်ဖိုရန် သီးသန့်ရည်ရွယ်၍အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန်တောင်းဆိုခဲ့ပါက ထိုသူသည် ဂျိဟာဒ်တွင်မပါဝင်ဘဲ မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ၏စစ်မှန်သည့် ရည်စူးချက်ကြောင့် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။
မုအ်မင်န်တို့၏ မိခင်ကြီး မိုင်မူနဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်မသည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အတွက်( ဂျနာဗသ်ကိုယ်မသန့်ဖြစ်ခြင်းမှ ရေချိုးသန့်စင်တော်မူရန်) ရေကိုထားပေးခဲ့ပါသည်။ ထို့နောက် ကိုယ်တော့်အား ( မည်သူမှမမြင်စေရန် ) အဝတ်တစ်ခုဖြင့် ဖုံးကာပေးခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ လက်နှစ်ဖက်ပေါ်သို့ ရေလောင်းချကာ ယင်းလက်နှစ်ဖက်ကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ပေါ်သို့ ရေလောင်းပြီး မိမိ၏ အရှက်အင်္ဂါကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏( ဘယ်ဘက် )လက်ကို မြေကြီးပေါ်တွင် ရိုက်၍ ပွတ်တိုက်တော်မူပြီးနောက် ယင်းအား ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ပလုတ်ကျင်းတော်မူပြီး နှာခေါင်းအတွင်းသို့ ရေသွင်းတော်မူခဲ့သည်။ ထို့နောက် မိမိ၏မျက်နှာနှင့် လက်နှစ်ဖက်ကို ( တံတောင်ဆစ်အထိ )ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏ဦးခေါင်းပေါ်သို့ ရေလောင်းတော်မူပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ( ထိုရေချိုးနေသည့်နေရာမှ )ရွေ့သွားကာ ခြေထောက်နှစ်ဖက်ကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ကျွန်မသည် ( ကိုယ်သုတ်ရန် ) အဝတ်တစ်ထည်ပေးရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယင်းကိုလက်မခံဘဲ မိမိ၏လက်ဖြင့် ရေကိုခါထုတ်ကာ ထွက်သွားတော်မူခဲ့သည်။
متفق عليهမုအ်မင်န်တို့၏ မိခင်မွန်ကြီး မိုင်မူနဟ်(ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဂျနာဗသ် ( ကိုယ်မသန့်ဖြစ်ခြင်းမှ ) ရေချိုးခြင်း နည်းစနစ်ကို ရှင်းပြခဲ့သည်။ သူမက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက် ရေချိုးရန်ရေကို ထားရှိပေးခဲ့ပြီး အကာအရံတစ်ခုဖြင့်လည်း ကိုယ်တော့်ကို အကာအ ကွယ်ပြုပေးခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်- ။ ( ၁ ) ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဘက်ကို အိုးခွက်ထဲသို့ မထည့်မှီ လက်နှစ်ဖက်ပေါ်သို့ ရေလောင်းချကာ ဆေးကြောတော်မူခဲ့သည်။ ( ၂ ) အရှက်အင်္ဂါတွင် ကပ်ငြိနေနိုင်သော ဂျနာဗသ်၏ အကြွင်းအကျန်များကို သန့်စင်ရန် မိမိ၏ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ပေါ်သို့ ရေလောင်းပြီး မိမိ၏ အရှက်အင်္ဂါကို ဆေးကြောတော်မူခဲ့သည်။ ( ၃ ) လက်များတွင်ရှိသော အညစ်အကျေးကို ဖယ်ရှားရန်အတွက် မိမိ၏( ဘယ်ဘက် )လက်ကို မြေကြီးပေါ်တွင် ရိုက်၍ ပွတ်တိုက်တော်မူပြီးနောက် ယင်းအား ဆေးကြောတော်မူခဲ့သည်။ ( ၄ ) မဿ်ွမဿွဟ်ပြုလုပ် ( ပလုတ် ကျင်း ) ခဲ့သည်။ ဆိုလိုသည်မှာ ရေကို ပါးစပ်ထဲသို့ ထည့်၍ ပါးစပ်အတွင်း လှုပ်ရှားပေးပြီး ထိုရေကို ထွေးထုတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အိစ်သင်န်ရှားက် ( နှာခေါင်းသန့်စင်ခြင်း ) ပြုလုပ်ခဲ့သည်။ ဆိုလိုသည်မှာ နှာခေါင်းအတွင်းသို့ ရေထည့်ပြီး တစ်ဆက်တည်းရှူရှိုက်ကာ သန့်စင်စေရန် ထိုရေကိုပြန်ထုတ်ခြင်းဖြစ်သည်။ ( ၅ ) မိမိ၏ မျက်နှာနှင့် လက်မောင်းနှစ်ဖက်ကို (လက်နှစ်ဖက်ကိုတံတောင်ဆစ်အပါအဝင်) ဆေးကြောခဲ့သည်။ ( ၆ ) မိမိ၏ ဦးခေါင်းပေါ်သို့ ရေလောင်းချတော် မူခဲ့သည်။ ( ၇ ) ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများပေါ်သို့ ရေလောင်းချတော်မူခဲ့သည်။ ( ၈ ) မိမိ၏ (ရေချိုးနေသည့် ) နေရာမှရွေ့ကာ ခြေထောက်နှစ်ဖက်ကို ( ရေချိုးနေစဥ် ရေမဆိုထားသည့် ) အခြားနေရာတွင် ဆေးကြောခဲ့သည်။ ထို့နောက် သခင်မသည် ကိုယ်တော့်ထံ ခန္ဓာကိုယ်မှ ရေများကို သုတ်နိုင်ရန် အဝတ်စတစ်ခုကို ယူလာပေးခဲ့သော်လည်း ကိုယ်တော်သည် ယင်းအဝတ်စကို ယူခြင်းမပြုဘဲ မိမိ၏လက်တော်ဖြင့် ခန္ဓာကိုယ်မှ ရေများကို သုတ်ပြီး ခါထုတ်တော်မူခဲ့သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်ခြင်းမှ သန့်ရှင်းရန် ရေချိုးသောအခါ ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဖက်ကို ဆေးကြောကာ ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ပြီးနောက် ရေချိုးတော်မူသည်။ ၎င်းနောက် ဆံပင်များကို မိမိလက်ဖြင့် ဦးရေပြားစိုပြီဟု ထင်ရသည်အထိ ပွတ်သပ်သည်။ ၎င်းနောက် ရေသုံးကြိမ်လောင်းသည်။ ထို့နောက် ခန္ဓာတစ်ခုလုံးကို ရေချိုးလိုက်သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောသည်မှာ ကျွန်မနှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တို့သည် အိုးတစ်လုံးတည်းမှ ရေအတူခပ်ချိုးလေ့ရှိခဲ့ကြသည်။
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်သည့်အတွက် ရေချိုးရန် ရည်ရွယ်အခါ ဦးစွာပထမ လက်နှစ်ဖက်ကို ဆေးကြောတော်မူသည်။ ထို့နောက် ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ၎င်းနောက် မိမိ၏ခန္ဓာကိုယ်ပေါ်သို့ ရေလောင်းတော်မူသည်။ ပြီးနောက် ဆံပင်အရင်းသို့ ရေရောက်ပြီး ဦးရေပြားစိုပြီဟု ထင်ရလောက်သည်အထိ ဆံပင်များကို မိမိလက်ဖြင့် ပွတ်သပ်တော်မူသည်။ ထို့နောက် ဦးခေါင်းပေါ်မှ သုံးကြိမ်ရေလောင်းကာ ကျန်ခန္ဓာကိုယ်အစိတ်ပိုင်းများကို ဆေးကြောတော်မူသည်။ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ပြောပြသည်မှာ ကျွန်မနှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တို့သည် အိုးတစ်လုံးတည်းမှရေကို အတူခပ်ချိုးလေ့ရှိကြသည်။
အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ ကိုယ်တော်၏သမီးသည် ကျွန်တော်၏ဇနီးဖြစ်နေသည့်အတွက် ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းရန် ရှက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မိက်ဒါဒ်ဗင်န် အတ်စ်ဝဒ်အား မေးမြန်းခိုင်းသည်။ ၎င်းကကိုယ်တော်အား လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိ၏အရှက်အင်္ဂါအားဆေးကြောပါ။ ဝုဿွူပြုလုပ်ပါ။ ဗုခါရီကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ အသင် ဝုဿွူပြုပါ။ သင့်အရှက်အင်္ဂါအား ဆေးကြောပါ။
متفق عليهအလီဗင်န် အဗီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ သူသည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ (‘မဇီ’ဟူသည် ရာဂစိတ်ဖြစ်ပေါ်လာချိန် သို့မဟုတ် လိင်မဆက်ဆံမီ လိင်အင်္ဂါမှ ထွက်လာသော စေးကပ်သော အရည်ကြည်တစ်မျိုး ဖြစ်သည်။) သူသည် ‘မဇီ’ထွက်သောအခါ မည်သို့ပြုရမည်ကို မသိခဲ့ပါ။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ် (ရဿွိယလ္လာဟုအန်ဟာ)၏ ခင်ပွန်းဖြစ်သောကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အားမေးမြန်းရန်လည်း ရှက်မိသည်။ ထို့ကြောင့် ဤကိစ္စကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးမြန်းပေးရန် မိက္ကဒါဒ် ဗင်န် အတ်စ်ဝဒ်အား တောင်းဆိုခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိက္ကဒါဒ်အား ဖြေ ကြားသည်မှာ ထိုသူသည် မိမိ၏ အရှက်အင်္ဂါအား ဆေးကြောရမည်။ ပြီးနောက် ဝုဿွူပြုလုပ်ရမည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ ကိုယ်တော်သည် ကျွန်တော့်အား ဤကောင်းမှုများကို မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ ကျွန်တော်က ထပ်မံမေးမြန်းလျှင် ကိုယ်တော်သည် ထပ်မံ၍ ဖြေကြားမည်ပင်ဖြစ်သည်။
متفق عليهမည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ်အနှစ်သက်ဆုံးဖြစ်ပါသနည်းဟု တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးလျှောက်သည့်အခါ ကိုယ်တော်က ဖြေကြားတော်မူသည်မှာ ဖရ်ဿ်ွ ဆွလာသ်ကို အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသည့်အချိန်၌ ဝတ်ပြုခြင်းဖြစ်သည်။ ထို့နောက် မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်း၊ ကောင်း ကျိုးပြုခြင်း၊ မိဘ၏ဝတ္တရားများကို ကျေပွန်ခြင်း၊ မိဘအမိန့်ကို မဖီဆန်ခြင်းဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်တော်ကို မြှင့်တင်ရန်၊ အစ္စလာမ်သာသနာနှင့် မွတ်စ်လင်မ်တို့အား ကာကွယ်စောင့်ရှာက်ရန်၊ အစ္စလာမ့်အထိမ်းအမှတ်များကို ဖော်ထုတ်ရန်အတွက် မိမိအသက်နှင့် ဥစ္စာပစ္စည်းကို သုံးစွဲ၍ အလ္လာဟ်အရှင်မြတ်ရဲ့လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းဖြစ်သည်။ အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ ကိုယ်တော်သည် ကျွန်တော့်အား ဤအမလ်ကောင်းမှုများကို မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ ကျွန်တော်က ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးမြန်းခဲ့လျှင် ကိုယ်တော်သည် ထပ်မံ၍ဖြေကြားမည်ပင်ဖြစ်သည်။