





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ မုရှ်ရိက်အချို့သည် လူသတ်မှုကို အမြောက်အများကျူးလွန်ခဲ့ကြသည်။ ဇိနာအမှုကိုလည်း အမြောက်အများကျူးလွန်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အသင်အမိန့်ရှိနေသောအရာနှင့် အသင်ဖိတ်ခေါ်နေသောအရာသည် အလွန်ပင်ကောင်းမွန်ပေသည်။ ကျွန်တော်တို့ ယခင်ကကျူးလွန်ခဲ့သောအပြစ်များအား ပလပ်သွားစေမည့်အရာကို အသင်ပြောပြလျှင် ကောင်းလေစွဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ဤအာယသ်တော်ကျရောက်လာခဲ့သည်။ (၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။) ကုရ်အာန် (၂၅:၆၈) ၎င်းနောက် ဤအာယသ်တော်လည်း ကျရောက်လာခဲ့သည်။ ((အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။) ကုရ်အာန် (၃၉:၅၃)
متفق عليهလူသတ်မှုနှင့် ‘ဇိနာ’ကာမေသုမိစ္ဆာစာရအမှုကို အမြောက်အမြားကျူးလွန်ခဲ့ကြသော မုရှ်ရိက်အချို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော့်အား လျှောက်ထားကြသည်မှာ အသင် ဖိတ်ခေါ်နေသည့် အစ္စလာမ်သာသနာနှင့် အစ္စလာမ့်၏ပို့ချမှုများသည် အလွန်ပင်ကောင်းမွန်လှ၏။ သို့သော် ကျွန်ုပ်တို့၏ လက်ရှိအခြေအနေနှင့် ယခင်က ကျူးလွန်ခဲ့သော ရှိရ်က်ပြစ်မှုနှင့် အခြားပြစ်မှုများအား ပလပ်သွားစေမည့် အရာရှိပါသလား ဟုလျှောက်ထားခဲ့ကြသည်။ ထိုအခါ ယင်းအာယသ်တော်နှစ်ပါး ကျရောက်လာခဲ့သည်။ ထိုအာယသ်တော်များတွင် လူသားတို့သည် ကြီးမားများပြားလှသည့် အပြစ်အကုသိုလ်များ ကျူးလွန်ထားလျှင်လည်း အရှင်မြတ်သည် ၎င်းတို့၏ သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူကြောင်းပါရှိသည်။ ထိုသို့မဟုတ်ပါက ၎င်းတို့သည် မိမိတို့၏ ကုဖ်ရ် သွေဖည်ငြင်းပယ်မှု၊ ဆိုးသွမ်းမှုအပေါ်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်ပြီး အစ္စလာမ်သာသနာသို့ ဝင်ရောက်ကြမည်မဟုတ်ပေ။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မက္ကဟ်မြို့ကို အောင်နိုင်သောနေ့တွင် လူတို့အားခွသ်ဗဟ်မိန့်ခွန်း ပြောကြားတော်မူခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ အို - လူသားအပေါင်းတို့ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် အမိုက်ခေတ်၏ မာန်မာနထောင်လွှားမှုနှင့် ၎င်းခေတ်၏ဘိုးဘေးတို့ဖြင့် ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတို့အား အသင်တို့ထံမှဖယ်ရှားတော်မူလိုက်လေပြီ။ သို့ဖြစ်ပေရာ လူသည်နှစ်မျိုးသာရှိသည်။ ကောင်းမြတ်သောအကျင့်သီလရှိပြီး အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေအမိန့်နာခံသူနှင့် အလ္လာဟ်အရှင်မြတ်၏အမိန့်ကိုဖီဆန်သော နဖူးစာဆိုးသည့်သေးသိမ်သူတို့ဖြစ်သည်။ လူသားအားလုံးသည် အာဒမ်(အလိုင်းဟိစ္စလာမ်)၏ သားမြေးများပင်ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် အာဒမ်(အလိုင်းဟိစ္စလာမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (အို - လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။) (စူရဟ် အလ်ဟုဂျုရာသ်- အာယသ် ၁၃)
رواه الترمذي وابن حبانတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မက္ကဟ်မြို့ကိုအောင်နိုင်သောနေ့တွင် လူတို့အား ခွသ်ဗဟ် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ အို-လူသားအပေါင်းတို့ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အမိုက်ခေတ်၏မာန်မာနထောင်လွှားမှုနှင့် ၎င်းခေတ်၏ ဘိုးဘေးတို့ဖြင့် ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတို့အား အသင်တို့ထံမှဖယ်ရှားတော်မူလိုက်လေပြီ။ လူသည် နှစ်မျိုးသာရှိသည်။ ပထမတစ်မျိုးမှာ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ ကောင်းမြတ်သောအကျင့်သီလရှိပြီး အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေအမိန့်နာခံသော မုအ်မင်န်ဖြစ်သည်။ ၎င်းသည် လူသားများထံတွင် ဆွေဂုဏ်၊မျိုးဂုဏ် မရှိလျှင်လည်း အလ္လာဟ်အရှင်မြတ်ထံပါးတွင် ဂုဏ်သရေရှိသူ ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ အရှင်မြတ်၏အမိန့်ကိုဖီဆန်သော နဖူးစာဆိုးသူ ကာဖိရ်ဖြစ်သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် သေးသိမ်သူဖြစ်ပြီး ဆွေဂုဏ် မျိုးဂုဏ်ရှိပြီး အဆင့်အတန်းမြင့်မားသူ၊ ဩဇာအာဏာရှိသူဖြစ်နေလျှင်လည်း မည်သည့်တန်ဖိုးမျှမရှိပေ။ လူသားအားလုံးသည် အာဒမ်(အလိုင်းဟိစ္စလာမ်)၏ သားမြေးများပင်ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် အာဒမ်(အလိုင်ဟိစ္စလာမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ သို့ဖြစ်၍ မိမိ၏မူလဇစ်မြစ်မှာ မြေကြီးဖြစ်နေသူအနေဖြင့် မာန်မာနမထောင်လွှားပြီး မိမိကိုယ်မိမိ အထင်မကြီးသင့်ပေ။ ဤသည် အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည့်အတိုင်းပင်ဖြစ်သည်။ အရှင်မြတ်မိန်တော်မူသည်မှာ (အို - လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။) (စူရဟ် အလ်ဟုဂျုရာသ်- အာယသ် :၁၃)
ဇုဗိုင်ရ်ဗင်န်အောင်ဝ်ဝါးမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ (ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ ဇုဗိုင်ရ်(ရဿွိယလ္လာဟုအန်ဟု)က လျှောက်ထားသည်မှာ အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အမဲရောင်နှစ်ခုဖြစ်သော စွန်ပလွံသီးနှင့်ရေ စသည့်နှစ်မျိုးသာလျှင် ရှိပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ မကြာမီ ယင်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရလိမ့်မည်။
رواه الترمذي وابن ماجه(ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ ထိုနေ့၌ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်က အသင်တို့အား ချီးမြင့်ထားသည့် စည်းစိမ်များနှင့်စပ်လျဉ်း၍ ကျေးဇူးသိတတ်ခဲ့ကြသလားဟု မကြာမီ အသင်တို့မေးမြန်းခြင်းခံရလိမ့်မည်ဖြစ်သည်။ အထက်ပါ အာယသ်တော် ကျရောက်လာသည့်အခါ ဇုဗိုင်ရ်ဗင်န်အောင်ဝ်ဝါးမ်(ရဿွိယလ္လာဟုအန်ဟု)က မေးမြန်းသည်မှာ အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အလွန်တန်ဖိုးနည်းသည့်အတွက် စစ်ဆေးမေးမြန်းရန်ပင်မလိုအပ်သော နိအ်မသ်နှစ်ခုသာရှိပေသည်။ ၎င်းတို့မှာ စွန်ပလွံသီးနှင့်ရေ ဖြစ်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့ ယခုလက်ရှိအခြေနေတွင်ရှိသည့် စည်းစိမ်နှင့်ပတ်သက်၍လည်း အသင်တို့ မုချမေးမြန်းခြင်းခံရလိမ့်မည်။ ၎င်းစည်းစိမ်နှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ နိအ်မသ်စည်းစိမ်တော်များအနက်မှကြီးကျယ်လှသည့် စည်းစိမ်နှစ်ခုဖြစ်သည်။
စအီးဒ်ဗင်န် မုစိုင်းယစ်ဗ်က သူ၏ဖခင်ထံမှ ဆင့်ပြန် ပြောကြားခဲ့သည်။ အဗူသွာလိဗ် သေဆုံးခါနီးအချိန် ရောက်လာသည့်အခါ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူထံ ကြွမြန်းတော်မူလာသည်။ သူ့အနားတွင် အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ် ဗင်န် အဗီအုမိုင်းယဟ် ဗင်န် မုဂီးရဟ် တို့နှစ်ဦးကို ကိုယ်တော်က တွေ့မြင်ခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အို ကျွန်တော့်ဘကြီးတော် ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အရေးဆိုလျှောက်ထားပေးတော်မူမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗီအုမိုင်းယဟ်တို့က အသင်သည် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာကို စွန်လွှတ်တော့မှာလားဟု ပြောဆိုခဲ့ကြသည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူ့အား ကလိမဟ်တော်ကို တင်ပြကာ အဆက်မပြတ်နားချတော်မူသည်။ ၎င်းတို့နှစ်ဦးကလည်း ထိုစကားကိုသာ ပြန်လည်ပြောဆိုကြသည်။ နောက်ဆုံးတွင် အဗူသွာလိဗ်က ၎င်းတို့အား ပြန်လည်ပြောဆိုသည့် နောက်ဆုံးစကားမှာ ၎င်းအနေဖြင့် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာပေါ်တွင်သာ တည်မြဲနေမည်ဟူသည့် စကားပင်ဖြစ်သည်။ ၎င်းသည် ‘လာအိလာဟ အိလ္လလ္လာဟ်’ ရွတ်ဆိုရန် ငြင်းပယ်ခဲ့သည်။ ဆင့်ပြန်သူက ဆက်လက် ပြောပြသည်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပါသည်။ ကျွန်ုပ်သည် သင်နှင့်ပတ်သက်၍ တားမြစ်ပိတ်ပင်ခြင်း မခံရသမျှ ကာလပတ်လုံး(အလ္လာဟ် အရှင်မြတ်ထံတော်တွင်) အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးမည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဤအာယသ်တော်ကို ချပေးတော်မူသည်။ (နဗီတမန်တော်မြတ်၌ လည်းကောင်း၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌ လည်းကောင်း၊ မုရှ်ရိက်တို့အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့် မရှိချေ။) ကုရ်အာန် (၉:၁၁၃) အလ္လာဟ်အရှင်မြတ်သည် အဗူသွာလိဗ်နှင့် ပတ်သက်၍ အောက်ပါအာယသ်တော်ကို ချပေးတော်မူခဲ့သည်။ ထိုအာယသ်တော်၌ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိန့်ကြားတော်မူသည်မှာ- (ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆)
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိဘကြီး အဗူသွာလိဗ် ကွယ်ခါလွန်နီးအချိန်တွင် သူ့ထံ ဝင်ရောက်လာခဲ့သည်။ ထို့နောက် ကိုယ်တော်က အို ကျွန်တော်၏ဘကြီး ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် သက်သေခံပေးပါမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူဂျဟ်လ်နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗီအုမိုင်းယဟ်တို့က အို အဗူသွာလိဗ် အသင်သည် သင့်ဖခင် အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာကို စွန့်လွှတ်တော့မှာလားဟု ပြောဆိုခဲ့ကြသည်။ ထိုသာသနာမှာ ရုပ်တုကိုးကွယ်သည့် သာသနာဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် သူ့အား ထိုစကားကိုသာ အဆက်မပြတ်ပြောကြားနေရာ နောက်ဆုံးတွင် အဗူသွာလိဗ်က ၎င်းတို့အား နောက်ဆုံး ပြန်လည်ပြောကြားသည့်စကားမှာ ၎င်းအနေဖြင့် ရုပ်တု ကိုးကွယ်သည့် သာသနာ၊ ဖက်စပ်ယှဉ်တွဲကိုးကွယ်သည့် သာသနာဖြစ်သော အဗ်ဒုလ်မုသ်ွသွလိဗ်၏ သာသနာပေါ်တွင်သာ တည်မြဲနေမည်ဟူသည့် စကားပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က သင်နှင့်ပတ်သက်၍ ကျွန်ုပ်အား တားမြစ်ပိတ်ပင်ခြင်း မပြုသမျှ ကာလပတ်လုံး အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးမည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ဤအာယသ်တော်ကို ကျရောက်လာသည်။ (နဗီတမန်တော်မြတ်၌လည်းကောင်း၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌လည်းကောင်း၊ မုရှ်ရိက်တို့အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။) ကုရ်အာန် (၉:၁၁၃) ထို့ပြင် အဗူသွာလိဗ်နှင့် ပတ်သက်၍ အောက်ပါအာယသ်တော် ကျရောက်လာခဲ့သည်။ (ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၈:၅၆) ထိုအာယသ်တော်၌ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အသင်သည် မိမိနှစ်သက်လိုလားသူအား ဟိဒါယသ် တရားလမ်းမှန် မချီးမြှင့်နိုင်ကြောင်းနှင့် အသင်၏တာဝန်မှာ ပို့ချရန်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကသာ မိမိ အလိုရှိသူအား ဟိဒါယသ် တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူကြောင်း မိန့်ကြားတော်မူထားသည်။
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သော မုအ်မင်န်၏ပမာကား ကျွဲကောသီးကဲ့သို့ပင်ဖြစ်သည်။ ကျွဲကောသီးမှာ အနံ့လည်းကောင်း၏။ အရသာလည်းကောင်း၏။ ကုရ်အာန်မဖတ်သော မုအ်မင်န်၏ပမာကား စွန်ပလွံသီးကဲ့သို့ဖြစ်၏။ စွန်ပလွံသီးမှာ အနံ့မရှိသော်လည်း အရသာရှိ၏။ ကုရ်အာန်ဖတ်သော မုနာဖိက်၏ပမာကား မွှေးသောပန်းကဲ့သို့ဖြစ်၏။ အနံ့ကောင်းသော်လည်း အရသာခါး၏။ ကုရ်အာန်မဖတ်သော မုနာဖိက်အယောင်ဆောင်၏ ပမာကား ကျီးအာသီးနှင့်အလားတူ၏။ အနံ့လည်းမရှိ၊ အရသာလည်းခါး၏။
متفق عليهကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်ခြင်းနှင့် ထိုကျမ်းမြတ်ဖြင့် အကျိုးခံစားရာ၌ လူအမျိုးမျိုးရှိကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ပထမအမျိုးအစားမှာ ကျမ်းတော်မြတ်ကုရ်အာန်ကိုဖတ်ရွတ်ပြီးအကျိုးခံစားသော မုအ်မင်န်ဖြစ်သည်။ သူသည် ကျွဲကောသီးကဲ့သို့ဖြစ်သည်။ ကျွဲကောသီးသည် အနံ့လည်းကောင်း၏။ အရသာလည်းကောင်း ၏။ အရောင်လည်းလှ၏။ ကျွဲကောသီး၏ကောင်းကျိူးများစွာရှိ၏။ ယင်းမုအ်မင်မင်န်သည် ကျွဲကော သီးနှင့်တူရခြင်းမှာ ဖတ်ရွတ်ထားသည့်အတိုင်း အမလ်ကျင့်သုံးလေ့ရှိပြီး အလ္လာဟ်အရှင်မြတ်၏ကျေး ကျွန်များကိုလည်း ကောင်းကျိုးပြုသောကြောင့်ဖြစ် သည်။ ဒုတိယအမျိုးအစားမှာ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ်ဖတ်သော မုအ်မင်န်ဖြစ်သည်။ သူသည် စွန်ပလွံသီးကဲ့သို့ဖြစ်၏။ စွန်ပလွံသီးမှာ အနံ့မရှိသော်လည်း အရသာရှိ၏။ စွန်ပလွံသီး၏အထဲ၌ ချိုသောအရသာရှိသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ်ဖတ်သော မုအ်မင်န်၏နှလုံးသားတွင် အီမာန်ရှိသည်။ သို့သော် စွန်ပလွံသီးသည် လူအများနမ်းရှုပ်နိုင်သည့် ရနံ့မရှိသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ် ဖတ်သော မုအ်မင်န်၏ထံမှ လူသားများကလည်း ယင်းကျမ်းတော်မြတ်ကုရ်အာန်ကို နားထောင်ပြီး စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မည်မဟုတ်ပေ။ တတိယအမျိုးအစားမှာ ကုရ်အာန်ဖတ်သောမုနာဖစ်က်၏ပမာကား မွှေးသောပန်းကဲ့သို့ဖြစ်၏။ အနံ့ကောင်းသော်လည်း အရသာခါး၏။ ဤသို့ပင် မုနာဖိက်သည် အီမာန်ယုံကြည်မှုဖြင့် မိမိ၏နှလုံးသားကို ပြုပြင်ပြောင်းလဲမှုမပြုခဲ့ပေ။ သူသည် ကျမ်းတော်မြတ်ကုရ်အာန်အတိုင်း လိုက်နာကျင့်သုံးမှုလည်းမပြုခဲ့ပေ။ ၎င်းအပြင် မိမိသည် မုအ်မင်န်ပါဟု လူသားများရှေ့၌ဖော်ထုတ်လေ့ရှိသည်။ မုနာဖိက်တို့ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်ခြင်းသည် မွှေးသောပန်း၏ရနံ့မွှေးခြင်းနှင့်ဆင်တူပြီး မွှေးသောပန်း၏အရသာခါခြင်းသည် မုနာဖိက်တို့၏ကုဖ်ရ်အရှင်မြတ်အား လက်မခံငြင်းပယ်ခြင်းနှင့်ပမာတူသည်။ ကုရ်အာန်မဖတ်သော မုနာဖစ်က်အယောင်ဆောင်၏ ပမာကား ကျီးအာသီးနှင့်အလားတူ၏။ အနံ့လည်းမရှိ၊ အရသာလည်းခါး၏။ ကုရ်အာန်မဖတ်သည့်မုနာဖိက်၏ပမာသည် ကျီးအာသီးတွင်အနံ့မရှိခြင်းနှင့်အလားတူပေသည်။ မုနာဖိက်၏ကုဖ်ရ်အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ခြင်း၏ခါးခြင်းသည် ကျီးအာသီး ၏အရသာ ခါးခြင်းနှင့်အလားတူပေသည်။ မုနာဖိက်၏အတွင်းပိုင်းသည် အီမာန်ယုံကြည်မှုကင်းမဲ့နေပြီး သူ၏အပြင်ပိုင်းသည် မည်သည့်ကောင်းကျိုးမျှမရှိသည့်အပြင် ဘေးအန္တရယ်ပြုသောသူဖြစ်သည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကျမ်းမြတ်ကုရ်အာန်ကို ကျွမ်းကျင်စွာရွတ်ဖတ်သူသည် ဂုဏ်ရှိပြီးမြင့် မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့် အတူရှိမည်။ ကျမ်းမြတ်ကုရ်အာန်သည် ၎င်းအပေါ်၌ ခက်ခဲပါလျက်နှင့် ယင်းကျမ်းမြတ်ကုရ်အာန်ကို ထစ်ထစ်ငေါ့ငေါ့ ရွတ်ဖတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ခုရှိပေသည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်− ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်သူ၊ ယင်းအား ကောင်းစွာကျက်မှတ်ထားသူ၊ခိုင်ခိုင်မာမာ အလွတ်ရထားသူ၊ ကျွမ်းကျင်စွာ ရွတ်ဖတ်တတ်သူသည် အာခိရသ်နောင်မလွန်တွင် ၎င်း၏အဆင့်အတန်းမှာ ဂုဏ်ရှိပြီးမြင့်မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့်အတူရှိမည့် အကျိုးကို ရရှိမည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူဖြစ်သော်လည်း ကျက်မှတ်နိုင်မှု အားနည်း၍ ထစ်ထစ်ငေါ့ငေါ့၊ တုံ့တုံ့ဆိုင်းဆိုင်းခက်ခဲစွာ ရွတ်ဖတ်ရသော်လည်း၊ ယင်းကို အမြဲရွတ်ဖတ်လေ့ရှိပြီး၊ မိမိအပေါ် ဒုက္ခအခက်ခဲရှိသော်လည်း စိတ်ရှည်သည်းခံကာ ဖတ်ရွတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ဆ ရှိမည်။ (ပထမအကျိုးဆုလဒ်မှာ) ကုရ်အာန်ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်ပြီး (ဒုတိယအကျိုးဆုလဒ်မှာ) ခက်ခဲပင်ပန်းမှုနှင့် တုံ့ဆိုင်းစွာ ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်သည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကုရ်အာန်ကို ရွတ်ဆိုကျင့်သုံးသူ၏ ဥပမာသည် ခြေကျင်းချည်နှောင်ထားသော ကုလားအုတ်ပိုင်ရှင်နှင့်တူ၏။ အကယ်၍ ၎င်းကို ဂရုစိုက် ထိန်းသိမ်းခဲ့ပါက လွတ်မြောက်ခြင်းမရှိဘဲ ရှိနေမည်။ အကယ်၍ ဖြေလွှတ်ပစ်ခဲ့ပါက (ကုလားအုတ်သည်) ထွက်ခွာသွားလိမ့်မည်။"
متفق عليهတမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူလေ့လာပြီး ၎င်း၏ရွတ်ဖတ်ခြင်းကို အကျွမ်း တဝင်ရှိသူ (ကျမ်း စာအုပ်မှ ကြည့်၍ ဖတ်သည်ဖြစ်စေ၊ အလွတ်ရွတ်ဖတ်သည်ဖြစ်စေ ၎င်း) အား ကုလားအုတ် ၏ ဒူးဆစ်ကို ချည်နှောင်သည့် ကြိုးဖြင့် ချည် နှောင်ထားသော ကုလားအုတ်ရှင်နှင့် ပမာပေးခိုင်းနှိုင်းတင်ပြတော်မူခဲ့သည်။ ထိုသူသည် ထိုကြိုးကို စောင့်ရှောက်နိုင်လျှင် ကုလားအုတ်ကို ဆက်လက်ထိန်းချုပ်နိုင်ပြီး၊ ထိုကြိုးကို လွှတ်လိုက်လျှင်မူ ကုလားအုတ်သည် ထွက်ပြေးသွားလိမ့်မည်။ ထို့အတူ ကုရ်အာန်ကိုထိန်းသိမ်းသူသည် ယင်းအား ရွတ်ဖတ်မှုပြုလုပ်လျှင် ထိုသူသည် ကုရ်အာန်ကျမ်းတော်မြတ်အား မှတ်မိသိရှိပြီး၊ ထိုသို့ ဆက်လက်မရွတ်ဖတ်ဘဲနေလျှင် မေ့ပျောက်သွားတတ်သည်။ သို့ဖြစ်၍ အချိန်အခါအလိုက် ပြန်လည်လေ့လာမှု ရှိနေသရွေ့ ကုရ်အာန်ကို အာဂုံဆောင်ထားနိုင်မည် ဖြစ်သည်။
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ထံတော်ပါးတွင် ထိုင်နေစဉ် မိမိ၏အထက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအခါ သူသည် (မိုးကောင်းကင်ဘက်သို့) ခေါင်းကိုမော့ကြည့်လျက် ပြောဆိုခဲ့သည်မှာ- ဤသည် ယနေ့ပင် ဖွင့်လှစ်လိုက်သည့် မိုးကောင်းကင်၏ တံခါးတစ်ခုဖြစ်သည်။ ယခင်က မည်သည့်အခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါ။ ထို့နောက် ထိုတံခါးမှ ကောင်းကင်တမန်တစ်ပါး ဆင်းသက်လာခဲ့ရာ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)က ပြောဆိုခဲ့သည်မှာ - ဤသည် မိုးကောင်းကင်မှ ယနေ့ပင် မြေပထဝီပေါ်သို့ ဆင်းသက်လာသော ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး (ဒီ့အရင်) မည်သည့်အခါကမျှ ဆင်းသက်ခဲ့ဖူးခြင်းမရှိပါ။ ထိုကောင်းကင်တမန်သည် (တမန်တော်မြတ်အား) စလာမ် ဆက်သ၍ ဤသို့ပြောကြားခဲ့သည် - အသင် ဝမ်းမြှောက်ဖွယ် သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ပထမတစ်ခုမှာ ဆူရဟ်ဖာသိဟဟ် ဖြစ်၍ ဒုတိယတစ်ခုမှာ ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအပိုဒ်များ ဖြစ်သည်။ ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုပင် အသင်ဖတ်လျှင် ယင်း၏အကျိုးဆုလာဘ်ကို အမှန်ပင် ချီးမြှင့်ခြင်းခံရမည် ဖြစ်သည်။
رواه مسلمကောင်းကင်တမန်ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ထံတော်ပါးတွင် ထိုင်နေစဉ် မိုးကောင်းကင်မှ တံခါးဖွင့်သံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအခါ ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်) သည် မိုးကောင်းကင်ဘက်သို့ ခေါင်းကိုမော့ကြည့်ခဲ့ပြီးနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ပြောဆိုခဲ့သည်မှာ- ဤသည် ယနေ့ပင် ဖွင့်လှစ်လိုက်သည့် မိုးကောင်းကင်၏ တံခါးတစ်ခုဖြစ်သည်။ ယခင်က မည်သည့်အခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါ။ ထို့နောက် ထိုတံခါးမှ ကောင်းကင်တမန်တစ်ပါးသည် မြေပထဝီပေါ်သို့ ဆင်းသက်လာခဲ့ပြီး ဒီ့အရင် မည်သည့်အခါကမျှ ဆင်းသက်ခဲ့ဖူးခြင်းမရှိပေ။ ထိုကောင်းကင်တမန်သည် တမန်တော်မြတ်အား စလာမ် ဆက်သ၍ ဤသို့ပြောကြားခဲ့သည် - အသင် ဝမ်းမြှောက်ဖွယ်သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ထိုအလင်းရောင်နှစ်ခုမှာ- ဆူရဟ်ဖာသိဟဟ်နှင့် ဆူရဟ်ဗကရဟ်၏ နောက်ဆုံး အာယသ်တော်နှစ်ပိုဒ် ဖြစ်သည်။ ထို့နောက် ကောင်းကင်တမန်က ပြောကြားခဲ့သည်မှာ - မည်သူမဆို ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုမျှပင် ရွတ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ယင်းဆူရဟ်နှစ်ခုတွင် ပါဝင်သော ကောင်းခြင်းများ၊ ဒုအာဆုတောင်းခြင်းများနှင့် လိုလားတောင့်တမှုများကို မုချ ချီးမြှင့်ပေးတော်မူမည် ဖြစ်သည်။
အဗူအိုမာမဟ်အလ်ဗာဟိလီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်ကြလော့။ ဧကန်မလွဲ ယင်းကုရ်အာန်သည် ကိယာမတ်နေ့တွင် ၎င်းကို ဖတ်ရွတ်သူများအတွက် ကြားဝင်အသနားခံသူအဖြစ် ရောက်ရှိလာမည်။ အတ်ဇ်ဇဟ်ရာဝိုင်းန် (အလင်းရောင်နှစ်ခု)ဟုခေါ်သည့် စူရဟ်ဗကရဟ်နှင့် စူရဟ်အာလိအင်မ်ရားန် ကို ဖတ်ရွတ်ကြလော့။ ဧကန်စင်စစ် ထိုစူရဟ်နှစ်ခုသည် ကိယာမတ်နေ့တွင် မိုးတိမ်နှစ်ခုကဲ့သို့လည်းကောင်း၊ သို့မဟုတ် အရိပ်အာဝါသနှစ်ခုကဲ့သို့လည်းကောင်း၊ သို့မဟုတ် အုပ်စုဖွဲ့ပျံသန်းနေသော ငှက်အုပ်စုနှစ်စုကဲ့သို့လည်းကောင်း ရောက်ရှိလာပြီး ၎င်းစူရဟ်နှစ်ခုကို ဖတ်ရွတ်သူများအား ကာကွယ်စောင့်ရှောက်ကြမည်။ ထို့ပြင် စူရဟ်ဗကရဟ်ကို ဖတ်ရွတ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ဖတ်ရွတ်ခြင်းသည် ဗရ်ကသ်ကောင်းခြင်းမင်္ဂလာတစ်ပါးဖြစ်၍ ၎င်းကို စွန့်လွှတ်ထားခြင်းသည် နောင်တရဖွယ်ဖြစ်ပြီး မှော်ပယောဂဆရာတို့သည် ၎င်းကို (ဖတ်ရွတ်သူအား) မည်သည့်အခါမျှ (အန္တရာယ်ပြုရန်)မစွမ်းဆောင်နိုင်ကြပေ။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကုရ်အာန်ကျမ်းမြတ်ကို အမြဲတစေပုံမှန်ဖတ်ရွတ်ရန် တိုက်တွန်းတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိယာမသ်နေ့တွင် ထိုကုရ်အာန်ကျမ်းမြတ်သည် ၎င်းအား ရွတ်ဖတ်သူနှင့် လိုက်နာကျင့်သုံးသူများအတွက် ကြားဝင်အသနားခံပေးမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် စူရဟ်ဗကရဟ်နှင့် စူရဟ်အာလိအင်မ်ရာန် စူရဟ်နှစ်ခုကို ဖတ်ရွတ်ရန် အထူးအလေးထား တိုက်တွန်းတော်မူခဲ့ပြီး ထိုစူရဟ်နှစ်ခုအား အလင်းနှစ်ခုဟု အမည်ပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းစူရဟ်နှစ်ခုတွင် ပါဝင်သည့် အလင်းရောင်နှင့် လမ်းညွှန်မှုကြောင့်ဖြစ်ကာ ထိုစူရဟ်နှစ်ခုကို ဖတ်ရွတ်ခြင်း၊ ၎င်းတို့၏ အဓိပ္ပာယ်များကို ဆင်ခြင်သုံးသပ်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်း၏အကျိုးကျေးဇူးသည် ကိယာမတ်နေ့တွင် တိမ်တိုက်နှစ်ခုကဲ့သို့ သို့မဟုတ် အတောင်ပံများဖြန့်ကာ တစ်အုပ်နှင့်တစ်အုပ် ဆက်စပ်နေသော ငှက်အုပ်နှစ်အုပ်ကဲ့သို့ လာရောက်ပြီး ထိုစူရဟ်နှစ်ခုကိုဖတ်ရွတ်ခဲ့သူအား အရိပ်အာဝါသပေးကာ ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်သည် စူရဟ်ဗကရဟ်ကို အဆက်မပြတ်ဖတ်ရွတ်ရန်၊ ၎င်း၏အဓိပ္ပာယ်များကို ဆင်ခြင်သုံးသပ်ရန်နှင့် လိုက်နာကျင့်သုံးရန်ကို အလေးထား တိုက်တွန်းတော်မူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် လောကီနှင့် နောင်တမလွန်ဘဝ၌ ကောင်းချီးမင်္ဂလာနှင့် ကြီးမားသောအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပြီး၊ ၎င်းအားဖတ်ရွတ်ခြင်းမပြုဘဲစွန့်လွှတ်ခြင်းအားဖြင့် ကိယာမသ်နေ့တွင် နောင်တနှင့် ဝမ်းနည်းပူဆွေးမှုကို ဖြစ်စေမည်ဖြစ်သည်။ ဤစူရဟ်၏ အကျိုး ကျေးဇူးများအနက်တစ်ခုမှာ မှော်ပယောဂဆရာများသည် ထိုစူရဟ်ကို ဖတ်ရွတ်သူအား ဘေးအန္တရာယ်မပြုနိုင်ခြင်းပင်ဖြစ်သည်။