





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို တောင်ပေါ်မှ ခုန်ချ၍ မိမိကိုယ်ကို သတ်သေခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲ၌လည်း ခုန်ချနေရလျက် အမြဲထာဝရနေထိုင်ရမည် ဖြစ်သည်။ မည်သူမဆို အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့လျှင် ထိုသူသည်ဂျဟန္နမ်ငရဲ၌ အဆိပ်ကိုမိမိလက်၌ ကိုင်ဆောင်လျက် အမြဲထာဝရ အဆိပ်သောက်နေရမည် ဖြစ်သည်။ မည်သူမဆို သံထည်လက်နက်ဖြင့် မိမိကိုယ်ကို (ထိုး၍) သတ်သေခဲ့လျှင် ဂျဟန္နမ်ငရဲ၌ ထိုသံဓားကို မိမိလက်၌ ကိုင်ဆောင်လျက် မိမိဝမ်းဗိုက်ကို ထိုးဖောက်လျက် အမြဲထာဝရနေရလိမ့်မည် ဖြစ်သည်။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဒွန်ယာလောက၌ မိမိကိုယ်မိမိ တမင်ရည်ရွယ်လျှက် သတ်သေခြင်းမှ သတိပေးတားမြစ်တော်မူခဲ့ပြီး ထိုသို့ပြုလုပ်သူသည် ကိယာမသ်နေ့တွင် ဂျဟန္နမ်ငရဲမီး၌ ဒွန်ယာလောကတွင် မိမိကိုယ်မိမိ ပြုလုပ်ခဲ့သောနည်းအတိုင်း အပြစ်ဒဏ်ခံစားရမည်ဖြစ်သည်ဟု သတိပေးတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို တောင်ထိပ်မှခုန်ချ၍ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါက ထိုသူသည် ငရဲ၌ ဂျဟန္နမ်၏တောင်များမှ ချောက်ကမ်းပါးများအထိ ထိုနည်းတူ ခုန်ချနေရလျက် ထိုငရဲ၌ထာဝရအမြဲ နေရမည်ဖြစ်သည်။ မည်သူမဆို အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့လျှင်လည်း ထိုသူသည်ဂျဟန္နမ်ငရဲ၌ အဆိပ်ကိုမိမိလက်၌ ကိုင်ဆောင်လျက် အမြဲထာဝရ အဆိပ်သောက်နေရမည် ဖြစ်သည်။ ထိုနည်းတူ မည်သူမဆို သံထည်လက်နက်ဖြင့် မိမိကိုယ်ကို (ထိုး၍) သတ်သေခဲ့လျှင် ဂျဟန္နမ်ငရဲ၌ ထိုသံဓားကို မိမိလက်၌ ကိုင်ဆောင်လျက် မိမိဝမ်းဗိုက်ကို ထိုးဖောက်လျက် အမြဲထာဝရနေရလိမ့်မည် ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏ အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်။ (၁) တရားမျှတစွာ အုပ်ချုပ်သော ခေါင်းဆောင်၊ (၂) အလ္လာဟ်အရှင်မြတ်အား အေဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၌ ကြီးပြင်းလာသော လူငယ်၊ (၃) ဗလီဝတ်ကျောင်းတော်များ၌ စိတ်နှလုံးငြိကပ်နေသူ၊ (၄) အလ္လာဟ်အရှင်မြတ်အတွက် အချင်းချင်း ချစ်ခင်ကြသူနှစ်ဦး၊ ၎င်းတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်အတွက် ဆုံစည်းကြပြီး၊ အလ္လာဟ်အရှင်မြတ်အတွက်ထိုပင် ခွဲခွာကြသည်။ (၅) ချောမောလှပပြီး အဆင့်အတန်းဂုဏ်သရေရှိသော အမျိုးသမီးတစ်ဦးက ( ဇိနာ) ပြစ်မှုကျူးလွန်ရန်ဖိတ်ခေါ်သောအခါ ‘ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါသည်’ဟု ငြင်းဆိုလိုက်သူ၊ (၆) ညာလက်ကလှူဒါန်းသည်ကို ဘယ်လက်ပင်မသိအောင် လျှို့ဝှက်စွာလှူဒါန်းသူ၊ (၇)တစ်ယောက် တည်းဆိတ်ကွယ် ရာ၌ အလ္လာဟ်အရှင်မြတ်အား အောက် မေ့သတိရတသသောအခါ မျက်စိနှစ်ဖက်မှ မျက်ရည် ယိုစီးကျလာသူ ဖြစ်သည်”။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ခုနစ်ဦးသောမုအ်မင်န်တို့အား အလ္လာဟ်အရှင်မြတ်၏အရိပ်တော်မှတစ်ပါး အခြားအရိပ်မရှိသည့်နေ့၌ အရှင်မြတ်က မိမိ၏အရ်ရှ်ပလ္လင်တော်၏ အရိပ်အောက်တွင် ခိုလှုံခွင့်ပေးတော်မူမည်ဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်သတင်းကောင်းပေးတော်မူခဲ့သည်။ ပထမအမျိုးအစား- မိမိကိုယ်တိုင်ဖြောင့်မတ်ပြီး မတရားမှုကို မကျူးလွန်ဘဲ၊ မိမိ၏လက်အောက်ခံများအပေါ် တရားမျှတစွာ အုပ်ချုပ်သူ၊ မတရားသူ မဟုတ်သူ။ ကြီးမားသောအာဏာစက်ကို ပိုင်ဆိုင်သူဖြစ်သည်။ ဤအမိန့်တွင် မွတ်စ်လင်မ်တို့၏ ကိစ္စရပ်တစ်ခုခုအတွက် တာဝန်ယူပြီး ထိုကိစ္စ၌ တရားမျှတစွာ ဆောင်ရွက်သူတိုင်းလည်း ပါဝင်သည်။ ဒုတိယအမျိုးအစား- အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းဖြင့် ကြီးပြင်းလာသော လူငယ်။ မိမိ၏ နုပျိုသောအရွယ်နှင့်ခွန်အားကို အရှင်မြတ်အားခဝပ်ကိုးကွယ်ခြင်း၌ ကုန်လွန်စေခဲ့ပြီး၊ ထိုအခြေအနေဖြင့်ပင် ဘဝနိဂုံးချုပ်သွားသူ။ တတိယအမျိုးအစား- နှလုံးသားသည် ဗလီဝတ်ကျောင်းတော်နှင့် အမြဲတမ်းဆက်နွယ်နေသူ ဖြစ်သည်။ သူသည် ဗလီမှ ထွက်သွားသည့်အခါတွင်လည်း ပြန်လည်ရောက်ရှိရန် လိုလားတောင့်တလျက်ရှိသသည်။ ယင်းသည် ဗလီကို အလွန်နှစ်သက်မြတ်နိုးခြင်း၊ ဗလီ၌ အစဉ်တစိုက်နေထိုင်ခြင်းနှင့် နှလုံးသားသည် ဗလီ၌ အမြဲရှိနေခြင်းတို့ကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ ကိုယ်ခန္ဓာသည် အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့်များဖြင့် ဗလီပြင်ပ၌ ရှိနေချိန်၌ပင် (နှလုံးသားသည် ဗလီနှင့် တွဲလျက်ရှိသည်)။ စတုတ္ထအမျိုးအစား- အလ္လာဟ်အရှင်မြတ်အတွက် အချင်းချင်း စစ်မှန်စွာ ချစ်ခင်ကြသူနှစ်ဦး။ ထိုသာသနာရေးဆိုင်ရာ ချစ်ခင်မှုကို အမြဲတည်မြဲစေကာ လောကီဆိုင်ရာ အနှောင့်အယှက်တစ်စုံတစ်ရာ ကြောင့် ဖြတ်တောက်ခြင်းမရှိဘဲ၊ ၎င်းတို့သည် လက်တွေ့တွင် အတူတကွ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေခြင်းတရားက ၎င်းတို့နှစ်ဦးကြား ခွဲခွါ စေသည့်တိုင်အောင် ထိုမေတ္တာ၌ တည်မြဲကြသူများ ဖြစ်သည်။ ပဉ္စမအမျိုးအစား- အမျိုးသမီးတစ်ဦးက (ဇိနာ) ပြစ်မှုကျူးလွန်ရန်ဖိတ်ခေါ်သောအခါ ငြင်းပယ်လိုက်သူ။ ထိုအမျိုးသမီးသည် မျိုးရိုး၊ ဂုဏ်သိက္ခာ၊ ရာထူး၊ စည်းစိမ်ဥစ္စာနှင့် အလှတရားတို့၌ ထူးကဲသူဖြစ်သော်လည်း ၎င်းက “ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါသည်” ဟု ဆိုကာ (ဇိနာပြစ်မှုကို) ငြင်းပယ်လိုက်သူ ဖြစ်သည်။ ဆဋ္ဌမအမျိုးအစား- နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိမိလှူဒါန်းသော အလှူဒါန၌ ရိယာပြစားမှု မလုပ်ဘဲ လျှို့ဝှက်စွာလှူဒါန်းခဲ့သူ။ လက်ဝဲလက်သည် လက်ယာလက် ဘာလှူဒါန်းသည်ကိုပင် မသိအောင် ဖုံးကွယ်ထားခဲ့သူဖြစ်သည်။ သတ္တမအမျိုးအစား- လူသူကင်းရှင်းရာတွင် တစ်ကိုယ်တည်း နှလုံးသားဖြင့် သတိရတသခြင်း သို့မဟုတ် နှုတ်ဖြင့် အလ္လာဟ်အရှင်မြတ်အား သတိရအောက်မေ့ (ဇိကိရ်) ပြုရင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် အရှင်မြတ်၏ ကြီးကျယ်မှုကို ဖွင့်ဟမြွက်ဆိုသည်အနေဖြင့် မျက်စိနှစ်ဖက်မှ မျက်ရည်များယိုစီးကျလာသူဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိရဲ့ညီနောင်ကို လက်နက်ဖြင့် ချိန်ရွယ်ခြင်းမပြုရ။ အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် သူ၏လက်ထဲက လက်နက်ကို လွတ်ထွက်စေနိုင်သည်ဆိုသည်ကို သူမသိသောကြောင့် ဖြစ်သည်။ ထိုသို့အားဖြင့် သူသည် ဂျဟန္နမ်ငရဲမီး၏ တွင်းတစ်တွင်းသို့ ကျရောက်သွားလိမ့်မည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏အခြားမွတ်စ်လင်မ် ညီနောင်တစ်ဦးကို မည်သည့်လက်နက်အမျိုးအစားဖြင့်မဆို ချိန်ရွယ်ခြင်းမပြုရန် တားမြစ်သတိပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ချိန်ရွယ်မိပါက ရှိုင်သွာန်သည် ထိုသူ၏လက်၌ရှိသောလက်နက်ကို လှုပ်ရှားစေရန် သွေးဆောင်နိုင်ပြီး၊ ထို့နောက် မိမိ၏ညီအစ်ကိုကို သတ်မိခြင်း သို့မဟုတ် ဒဏ်ရာရစေခြင်းဖြင့် ဂျဟန္နမ်ငရဲမီး၏ တွင်းတစ်တွင်းသို့ ကျရောက်စေမည့် အပြစ်သို့ ကျရောက်သွားနိုင်သည်ကို မသိနိုင်သောကြောင့်ဖြစ်သည်။
အဗူယှုရိုင်ဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ (ထိုအခါ) လျှောက်ထားမေးမြန်းခြင်းခံရသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူပါနည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "အကြင်သူ၏ ဒုက္ခပေးမှုကြောင့် ၎င်း၏ အိမ်နီးချင်းမှာ အေးချမ်းစွာမနေရသူ ဖြစ်သည်။"
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကစမ်ကျိန်ဆိုခဲ့ပြီး မိမိ၏ ကျိန်ဆိုမှုကို လေး နက်အောင် သုံးကြိမ်တိုင်တိုင် ထပ်ဆင့်ကျိန်ဆိုခဲ့သည်။ ထို့နောက် မိန့်ကြားတော်မူသည်မှာ - “အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အကြင်သူသည် မုအ်မင်န် မဟုတ်ပေ။ ထိုအခါ စွဟာဗဟ်များက “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မုအ်မင်န်မဟုတ်သူမှာ မည်သူပါနည်း” ဟု မေးလျှောက်ကြရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “မိမိ၏ အိမ်နီးချင်းက သူ၏ လှည့်စားမှု၊ မတရားမှုနှင့် မကောင်းမှုဘေးဒုက္ခများကို ကြောက်ရသောသူ” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကွယ်လွန်ခါနီးအချိန်တွင် အများဆုံး မှာတမ်းခဲ့သည့်ဆုံးမစကားမှာ “ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏ လက်ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)”။ ဆွလာသ်ဝတ်ပြုမှုကို အမြဲထိန်းသိမ်းကြပါ။ အသင်တို့၏လက် ယာလက်များက ပိုင်ဆိုင်သော ကျွန်၊ ကျွန်မများနှင့် ပတ်သက်၍လည်း (တာဝန်ကျေပွန်ကြပါ)” ဟု ထပ်ခါ ထပ်ခါ မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ လည်ပင်းတွင် ထိုစကားတော်များမှာ တစ်နေကာ ၎င်းကို နှုတ်လျှာဖြင့်ဆိုရန် ခဲယဉ်းလုနီးပါးဖြစ်ခဲ့ရသည်။
رواه النسائي في السنن الكبرى وابن ماجهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကွယ်လွန်ခါနီးအချိန်၌ မိမိ၏အွမ္မသ်သားများအား အများဆုံး မှာတမ်းခဲ့သည့်ဆုံးမစကားမှာ “ဆွလာသ်ကို စွဲစွဲမြဲမြဲဝတ်ပြုကြလော့။ ၎င်းအား ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ၎င်းမှ သတိလစ်ဟင်းမနေကြနေလင့်။ ထို့အတူ မိမိတို့၏ လက်အောက်ရှိ ကျေးကျွန်များနှင့် ကျွန်မများ၏ အခွင့်အရေးများကို ပေးဆပ်ကြလော့။ သူတို့အား ကောင်းမွန်စွာ ဆက်ဆံကြလော့" ဟု မိန့်တော်မူခဲ့ခြင်းဖြစ်၏။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤစကားကို ထပ်ခါတလဲလဲ မိန့်တော်မူခဲ့ရာ နောက်ဆုံးလည်ပင်းတွင် ထိုစကားတော်များမှာ (စကားထွက်ရန် ခက်ခဲကာ) တစ်နေပြီး ၎င်းကို နှုတ်လျှာဖြင့်ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းလုနီးပါးဖြစ်ခဲ့ရသည်။
အုဗာဒဟ် ဗင်န် စွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ရွှေကို ရွှေဖြင့်လည်းကောင်း၊ ငွေကို ငွေဖြင့်လည်းကောင်း၊ ဂျုံကို ဂျုံဖြင့်လည်းကောင်း၊ မုယောစပါးကို မုယောစပါးဖြင့်လည်းကောင်း၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့်လည်းကောင်း၊ ဆားကို ဆားဖြင့်လည်းကောင်း (လဲလှယ်ရာတွင်) အတိုင်းအတာ သို့မဟုတ် အလေးချိန် ချင်းတူညီရမည်။ ပြီးလျှင် လက်ငင်းလဲလှယ်ရမည်။ အကယ်၍ ဤအရာများသည် အမျိုးအစား ကွဲပြားပါက ချက်ချင်းလက်ငင်းလဲဖြစ်ပါလျှင် သင်တို့အလိုရှိသလို ရောင်းချကြလော့။”
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အတိုးဖြစ်သော ပစ္စည်းခြောက်မျိုး (ရွှေ၊ ငွေ၊ ဂျုံ၊ မုယောစပါး၊ စွန်ပလွံသီး၊ ဆား) ကို ရောင်းဝယ် ဖောက်ကားရာတွင် မှန်ကန်သောနည်းလမ်းကို ရှင်းလင်းတင်ပြတော်မူခဲ့သည်။ ထိုပစ္စည်းအမျိုးအစားတူ (ဥပမာ ရွှေကိုရွှေဖြင့်၊ ငွေကို ငွေဖြင့်) ရောင်းဝယ်ပါက စည်းကမ်းချက်နှစ်ချက် လိုအပ်သည်။ ၁။ ရွှေ၊ ငွေကဲ့သို့ အလေးချိန်ဖြင့် ရောင်းဝယ်ရသော ပစ္စည်းများတွင် အလေးချိန် ညီမျှခြင်း၊ သို့မဟုတ် ဂျုံ၊ မုယောစပါး၊ စွန်ပလွံ၊ ဆားကဲ့သို့ ချိန်တောင်းဖြင့် ရောင်းဝယ်ရသော ပစ္စည်းများတွင် ချင်တွယ်ခွက်ညီမျှခြင်း။ ၂။ ရောင်းဝယ်သည့် မဂျ်လိစ် (အရောင်းအဝယ်ပြုလုပ်ရာ ထိုင်ဝိုင်း) အတွင်းမှာပင် ရောင်းသူက ငွေကို ချက်ချင်းလက်ငင်း လက်ခံရယူခြင်းနှင့် ဝယ်သူက ကုန်ပစ္စည်းကို ချက်ချင်းလက်ငင်း လက်ခံရယူခြင်း။ အကယ်၍ ဤပစ္စည်းအမျိုးအစားများ ကွဲပြားသွားပါက ဥပမာ- ရွှေကို ငွေဖြင့် လဲလှယ်ရောင်းဝယ်ခြင်း၊ စွန်ပလွံသီးကို ဂျုံဖြင့် လဲလှယ်ရောင်းဝယ်ခြင်း စသည်တို့တွင် အရောင်းအဝယ် ပိုင်ရန်အတွက် စည်းကမ်းချက်တစ်ခု လိုအပ်သည်။ ၎င်းမှာ အရောင်း အဝယ်ပြုလုပ်သည့် ထိုင်ဝိုင်းအတွင်းမှာပင် ရောင်းသူက ငွေကို ချက်ချင်းလက်ငင်း လက်ခံရယူခြင်းနှင့် ဝယ်သူက ကုန်ပစ္စည်းကို ချက်ချင်းလက်ငင်း လက်ခံရယူခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရောင်းဝယ်မှုမှာ ပျက်ပျားသွားပြီး ရောင်းသူနှင့် ဝယ်သူနှစ်ဦးစလုံးသည် ဟရာမ်ဖြစ်သောအတိုးစားခြင်း၌ ကျရောက်သွားသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ပုဆိုး(ဘောင်းဘီ)ဖြင့် ခြေမျက်စိအောက် ဖုံးနေသော အစိတ်အပိုင်းသည် ဂျဟန္နမ် ငရဲမီးသို့ကျရောက်မည်ဖြစ်သည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသားများအား ၎င်းတို့၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်ထားသော အဝတ်၊ ဘောင်းဘီ သို့မဟုတ် အခြားအရာများကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ခြင်းမပြုရန် သတိပေးတားမြစ် တော်မူခဲ့သည်။ ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်သူ၏ ခြေကျင်းဝတ်အောက်ပိုင်းသည် ၎င်း၏ထိုလုပ်ရပ်အတွက် အပြစ်ပေးခြင်းခံရကာ ငရဲမီးထဲတွင်ရှိမည်ဖြစ်သည်။
ဖြေ။ မုအ်မင်တို့၏ ခေါင်းဆောင် အဘူ ဟဖ်စ်ွ အုမရ် ဗင်န် ခသ်သွားဗ်(رَضِيَ اللّٰهُ عَنْهُ)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ " ဧကန်အမှန်ပင် အမလ်ကျင့်ဆောင်မှုများသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည် "။
رواه إماما المحدثين أبو عبد الله محمد بن إسماعيل بن إبراهيم بن المغيرة بن بردزبه البخاري وأبو الحسين مسلم بن الحجاج بن مسلم القشيري النيسابوري في صحيحيهما اللذين هما أصح الكتب المصنفةတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန် လုပ်ဆောင်ချက်အားလုံးသည် ရည်စူးချက်အပေါ်တွင် အခြေခံသည်။ ဤအမိန့်သည် ခဝပ်ကိုးကွယ်မှု၌ဖြစ်စေနှင့် အရောင်းအ၀ယ်၌ဖြစ်စေအားလုံးနှင့် သက်ဆိုင်သည့် ယေဘုယျအမိန့်ဖြစ်သည်။ သို့ဖြစ်၍ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် လောကီအကျိုးကို မျှော်လင့်သူသည် ထိုအကျိုးကိုသာ ရရှိမည်ဖြစ်ပြီး ကုသိုလ်အကျိုးရရှိမည်မဟုတ်ပါ။ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် ရည်ရွယ်သူသည် စားခြင်း၊ သောက်ခြင်းကဲ့သို့ သာမာန်ကိစ္စမျိုးပင်ဖြစ်စေ မိမိ၏အမလ်ကျင့်ဆောင်မှုအတွက် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ထိုနှစ်ချက်သည် အပေါ်ယံအားဖြင့် တူညီနေသော်လည်း အမလ်ကျင့်ဆောင်မှုများတွင် ရည်စူးချက်၏ အကျိုးသက်ရောက်မှုကို ရှင်းပြရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ကိုယ်တော်က ရှင်းပြတော်မူသည်မှာ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်သည် တရားတော်နှင့်ကိုက်ညီကာ လက်ခံသဘောတူခြင်းခံရသည့်ဟိဂျရသ်ဖြစ်ပြီး သူ၏ရည်စူးချက် မှန်ကန်မှုကြောင့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ၊ အရောင်းအ၀ယ်၊ အမျိုးသမီးစသည့် လောကီအကျိုးစီးပွားအတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်မှ သူရည်စူးလိုက်သည့် အကျိုးကိုသာ ရရှိမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင် မည်သည့်အကျိုးကုသိုလ်ကိုမျှ ဝေစုအဖြစ်ရရှိလိမ့်မည် မဟုတ်ပါ။
အဗူအဗ်ဒုလ္လာဟ် နုအ်မားန် ဗင်န် ဗရှီးရ် ( ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကိုကြားခဲ့သည်။ « ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။ ထိုနှစ်ခုအကြား၌ သံသယဖြစ်ဖွယ် ကိစ္စရပ်များရှိပြီး ၎င်းတို့ကို များစွာသောလူတို့မသိကြပေ။ ထို့ကြောင့် မည်သူမဆို သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှောင်ကြဉ်မည်ဆိုပါက မိမိ၏သာသနာနှင့် သိက္ခာကို ထိန်းသိမ်းလိုက်ခြင်းပင်ဖြစ်သည်။ အကြင်သူသည် သံသယဖြစ်ဖွယ် ကိစ္စရပ်များတွင် ကျရောက်သွားပါက ထိုသူသည် ဟရာမ် သို့ကျရောက်သွားမည်ဖြစ်သည်။ (ထိုသူ၏ပမာသည်)၊ တားမြစ်ထားသော စားကျက်အနီးတွင် မိမိသိုး၊ဆိတ်တို့ကို ကျောင်းသည့် (ဆိတ်)ကျောင်းသားကဲ့သို့ဖြစ်ပြီး ၎င်းသည် ထို(တားမြစ်ထားသောစားကျက်)ထဲသို့ ကျရောက်ရန် နီးကပ်သွားပြီဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ် ဘုရင်တိုင်းတွင် (ကိုယ်ပိုင်) သီးသန့်တားမြစ် နယ်နိမိတ် ရှိကြလေသည်။ သတိပြုကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ တားမြစ်နယ်နိမိတ်သည် အရှင်မြတ်တားမြစ်ထားသည့် (ဟရာမ်) အရာများပင်ဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ်ပင် ခန္ဓာကိုယ်တွင် အသားတုံးတစ်တုံးရှိသည်။ ထိုအသားတုံး မှန်ကန်ကောင်းမွန်လျှင် ခန္ဓာကိုယ်တစ်ခုလုံး မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ထိုအသားတုံး ပျက်စီးလျှင် ကိုယ်ခန္ဓာတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ သတိပြုကြလေကုန်။ ထိုအရာသည် နှလုံးသားပင်ဖြစ်သည်။»
رواه البخاري ومسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရေးကိစ္စများနှင့် ပတ်သက်၍ ယေဘုယျစည်းမျဉ်းတစ်ခုကို ရှင်းပြတော်မူခဲ့သည်။ ဧကန်အမှန်ပင် ရှရီအဟ်တရားဥပဒေ၌ အမျိုးအစား သုံးမျိုးပါရှိသည်။ ၎င်းတို့မှာ- ၁။ ရှင်းလင်းထင်ရှားသည့် (ဟလာလ်) ခွင့်ပြုထားသောအရာများ' ၂။ ရှင်းလင်းထင်ရှားသည့်(ဟရာမ်) တားမြစ်ထားသော အရာများ' ၃။ ဟလာလ်၊ ဟရာမ်နှင့်ပတ်သက်၍ ရှင်းလင်းထင်ရှားသည့် အမိန့်တစ်စုံတစ်ရာ မသိရသော သံသယဖြစ်ဖွယ်ကိစ္စရပ်များဖြစ်ပြီး ၎င်းနှင့်ပတ်သက်သည့် အမိန့်ပညတ်ချက်ကို လူအများစုက မသိနားမလည်ကြပေ။ ထိုသံသယဖြစ်ဖွယ်ရာများကို စွန့်လွှတ်လိုက်သူသည် ဟရာမ် ထဲသို့ကျရောက်ခြင်းမှ ကင်းဝေးကာ မိမိသာသနာနှင့်ပတ်သက်၍ ငြိမ်းချမ်းမှုရရှိသွားမည်ဖြစ်သည်။ ထိုသံသယဖြစ်ဖွယ်ကိစ္စကို ကျူးလွန်မိသည့်အတွက် လူများ၏ ပြစ်တင်ပြောဆိုခြင်းမှလည်း မိမိ၏သိက္ခာကို ထိန်းသိမ်းရာ ရောက်ပေသည်။ သံသယဖြစ်ဖွယ်ရာများကို မရှောင်ကြဥ်သူသည် မိမိကိုယ်မိမိ ဟရာမ်ထဲသို့ကျရောက်အောင် သို့မဟုတ် မိမိ၏သိက္ခာကို အခြားသူများက ထိပါးစော်ကားအောင် လုပ်လိုက်ခြင်းပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သံသယဖြစ်ဖွယ်ရာများကို ကျူးလွန်သူ၏ အခြေအနေကို မြေပိုင်ရှင်က တားမြစ်ထားသော နယ်မြေအနီး၌ မိမိ၏ ကုလားအုတ် သို့မဟုတ် သိုး၊ ဆိတ်တို့ကို ကျောင်းသည့် ဆိတ်ကျောင်းသားနှင့်တူသည်ဟု ပမာပေးထားတော်မူသည်။ သို့ဖြစ်၍ ထိုဆိတ်ကျောင်းသား၏ တိရစ္ဆာန်များသည် ၎င်းတားမြစ်ထားသော နယ်မြေနှင့် နီးကပ်နေသောကြောင့် ထိုနယ်မြေထဲသို့ ရောက်လုနီးပါးဖြစ်သွားသည်။ ဤနည်းအတိုင်းပင် သံသယဖြစ်ဖွယ်ရာများကို ကျူးလွန်သူသည် ထိုသို့ကျူးလွန်လိုက်သည့်အတွက် ထင်ရှားသော ဟရာမ်နှင့် နီးကပ်သွားပြီး ၎င်းသို့ ကျရောက်လုနီးပါး ဖြစ်သွားပေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ခန္ဓာကိုယ်ထဲတွင် အသားတုံးတစ်တုံး(နှလုံးသား) ရှိပြီး ၎င်းမှန်ကန်နေသ၍ ခန္ဓာကိုယ်လည်း မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ၎င်းပျက်စီးသွားပါက ခန္ဓာကိုယ်လည်း ပျက်စီးသွားမည်ဖြစ်သည်။